24/07/2022
ကိုယ့် ရင်ထဲမှာ ဆင့်ကာဆင့်ကာ ဖြစ်နေတဲ့ မကျေမနပ်နဲ့ ပေါက်ကွဲနိုင်တဲ့စိတ်၊ bအလိုလိုနေရင်းနဲ့ အကြောင်းမရှိ အကြောင်းရှာ စိုးရိမ်ကြောက်ရွံ့နေမိတဲ့စိတ်တွေ၊b မကျေနပ်လို့ အတင်းပြောချင်တဲ့စိတ်၊ အတင်းပြောတိုင်း စိတ်ထဲမှာ ကြည်နူးတဲ့စိတ်၊ လူတွေ အထင်သေးမှာစိုးလို့ အဖန်ဖန် ရှိုးထုတ်ရတဲ့စိတ် ... အစရှိသဖြင့် ဒုက္ခဖန်တီးတဲ့ အကျင့်တွေ အားလုံးဟာ Snowball effect - စနိုးဘောလ်အကျိုးသက်ရောက်မှု ရှိတယ်။
ရာသီဥတု အင်မတန်အေးတဲ့ ဥရောပနဲ့ အမေရိကတိုက်တွေမှာ လူတွေက နှင်းခဲတွေကို လုံးပြီး ပစ်ကစားလေ့ရှိတယ်၊ နှင်းခဲထုခပ်ကြီးကြီးကို အမြင့်ကနေအောက်ကို လှိမ့်ချလိုက်ရင်အဲဒီနှင်းခဲလုံးကြီးဟာ တဖြည်းဖြည်း ပိုကြီးလာတယ်၊ လမ်းမှာတွေ့တဲ့ နှင်းမှုန်တွေကိုပါ သူက ထပ်ဖြည့်ယူသွားတဲ့ သဘောမျိုးပေါ့၊ အရှိန်ရပြီးတော့ သူအရှိန်နဲ့သူ ပိုပိုကြီးလာတယ်။ ဒါကို Snowball effect - စနိုးဘောလ်အကျိုးသက်ရောက်မှု လို့ ဆိုကြတယ်။
ထပ်ကာထပ်ကာ နာကျင်စေတဲ့ မာန၊ ဒေါသ မကျေနပ်စိတ်၊ ကြောက်စိတ် အစရှိတဲ့ Negative Emotions စိတ်ခံစားမှုတွေလည်း ဒီအတိုင်းပါပဲ၊ သူ့ဟာသူ ထပ်ကာထပ်ကာ ပြန်ဖြစ်လေ ပိုအားကောင်းလေလေ ဖြစ်လာတယ်၊ အဲဒီအချိန်မှာ ဒီနာကျင်မှုဟာ ဘယ်ကနေ စခဲ့တယ်ဆိုတာ မသိနိုင်လောက်အောင်ဖြစ်နေပြီ၊ ဘယ်ကနေစခဲ့တယ်ဆိုတာ မထင်ရှားတော့ ဒီပြဿနာကိုဖြေရှင်းဖို့ ဘယ်ကနေ စပြီး ကိုင်တွယ်ရမယ်ဆိုတာလဲ သိဖို့ ခက်ပါတယ်။
ဗုဒ္ဓမြတ်စွာဘုရားလို အထွဋ်အထိပ်အထိ နိုးကြားတဲ့ ပုဂ္ဂိုလ်မျိုးက ညွှန်ပြမှ "ဪ... ပစ္စုပ္ပန် အခိုက်အတန့်မှာ ဖြစ်နေတဲ့ စိတ်ခံစားမှု emotion ကို သတိပြုလက်ခံတာကနေစပြီး ကိုင်တွယ်နိုင်တာပါလား" ဆိုပြီး သိရတယ်၊ ကျေးဇူးကြီးလှတဲ့ ဗုဒ္ဓရဲ့ ဂုဏ်တော်ပါ။
ပြန်ချုပ်ရရင် စိတ်ခံစားမှုဟာ သူ့ဟာသူ အဖန်ဖန် အထပ်ထပ် ဖြစ်လာတယ်၊ လည်နေတဲ့ သံသရာခရီး ဖြစ်လာတယ်ဆိုရင် အစမထင်တော့ဘူးတဲ့၊ အဲ့ဒါကိုပဲ အနမတဂ္ဂသံသရာ လို့ခေါ်တယ်။
ဒါပေမယ့်အားရှိစရာကောင်းတာကတော့ ဒီတုပ်နှောင်ထားတဲ့ negative emotion ဆိုတဲ့ ကြိုးက အကြိမ်ပေါင်းတစ်ရာ တုပ်နှောင်ထားတယ်ဆိုရင် အကြိမ်ပေါင်းတစ်ရာ ပြန်ပြီးဖြေဖို့ မလိုအပ်ပါဘူးတဲ့၊ ပညာဆိုတဲ့ အသိဥာဏ်က အရမ်း ထက်မြက်တယ်၊ တစ်ချက်ခုတ်ရုံနဲ့ တစ်ရာလုံး ပြတ်သွားတာမျိုးလဲ ရှိတယ်။ ကွန်ပျူတာမှာဆိုရင်တော့ ကိုယ်ရိုက်တာ ၁၀ ကြိမ်မှားတယ်ဆိုရင် Undo ၁၀ ကြိမ်ပြန်လုပ်ရတယ်၊ ၁၀ ကြိမ် click လုပ်ရတယ်၊ ဒုက္ခကို undo လုပ်တဲ့နေရာမှာတော့ အဲလောက်အထိ မလုပ်ရပါဘူးတဲ့ အားမငယ်နဲ့၊ ၁၀ နှစ်ဒေါသ ဖြစ်လာတယ်၊ အဲဒီ ၁၀ နှစ်ဒေါသကို (၁) ရက်နဲ့ဖြေရှင်းလို့ ရချင်လည်း ရနိုင်တယ်၊ ဒါဟာ ပညာရဲ့အင်အား၊ အသိဥာဏ်ရဲ့ အင်အား၊ ဒါက ဗုဒ္ဓတရားတော်ရဲ့ အဆိုအမိန့်ပါ။
"အကာလိကော" ဆိုတဲ့အတိုင်း အချိန်မခြား အကျိုးသက်ရောက်မှု ရှိနိုင်တဲ့ သဘာဝတရားပါ၊ အသိ - သတိ mindfulness ကနေ စပါတယ်၊ သတိနဲ့ အသိဉာဏ်ဟာ မီးဖွင့်တာနဲ့ အတူတူပါပဲ။ မီးဖွင့်လိုက်လို့ မြင်ရရင် ဘာမှကြောက်စရာ မရှိတော့ဘူး၊ မမြင်ရရင်တော့ ဝါယာကြိုးလား မြွေလားလို့ မသိတဲ့အခါကျတော့ ကြောက်စိတ်တွေ ဖြစ်နေရတယ်၊ အလိုလိုနေရင်း လန့်နေတယ်။ မသိလို့ ကြောက်တာ၊ မသိလို့ အံဩမှု ဖြစ်တာ၊ မသိလို့ တုံ့ပြန်ပြုလုပ်မိတာ။
မသိတာ အဝိဇ္ဇာ၊ ပြုလုပ်တာ သင်္ခါရ။
အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ။
Reference:
အောက်စဖို့ဒ်ဆရာတော်
Emotion Management & Mindful Compassion
Kyaw Kyaw - Real Estate & Insurance Agent