02/10/2024
“မရေရာတဲ့ အနာဂတ်အတွက် S ၄ လုံး”
🔳 ဒီနေ့က အောက်တိုဘာလရဲ့ ပထမဆုံးရက်။ တစ်နည်းအားဖြင့် ၂၀၂၄ မှာ နောက်ဆုံး ၃ လပဲ ကျန်တော့တဲ့ သဘော။ မကြာခင် နှစ်သစ်ကူးတော့မယ်။ ၂၀၂၅ ရောက်တော့မယ်။ နေ့တွေ၊ ရက်တွေကတော့ ဒီလိုနဲ့ပဲ တရွေ့ရွေ့ ကုန်ဆုံးနေတာပါပဲ။
Time is the only currency you spend without ever knowing your balance.
ကိုယ့်မှာ လက်ကျန်ဘယ်လောက်ရှိသေးလဲ သိခွင့်မရဘဲ သုံးနေရတဲ့ တစ်ခုတည်းသော ငွေကြေးက အချိန်ပဲတဲ့။ ၂၀၂၅ လို့သာ ပြောနေတာ။ အဲဒီအထိ အသက်ရှင်ဦးမယ် ဆိုတာတောင် ၁၀၀ % ကံသေကံမ မပြောနိုင်ဘူး။ ခုလို ခေတ်ပျက်စနစ်ပျက်မှာ နေ့မြင်ညပျောက်တွေက ပိုလို့တောင် များလာသေးတယ်။
ဒါကြောင့် နေ့ရက်တိုင်းကို ပြည့်ပြည့်၀၀ ရှင်သန်ဖို့ သိပ်အရေးကြီးပါတယ်။
🔳 အနာဂတ် မရေရာဘူးဆိုတာ သူ့ကို ပစ်ပယ်ထားဖို့တော့ မဟုတ်ဘူး။ နောင် ၁ နှစ်နေရင် ဘာဖြစ်ရမယ်၊ ၅ နှစ်နေရင် ဘယ်ရောက်နေရမယ်တော့ ပုံမှန်အခြေအနေလို မှန်းမရပေမဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး ပစ္စုပ္ပန်ကို ကျော်ဖြတ်ကြရတာပဲ ဖြစ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်ကို တွေးမပူတာနဲ့၊ ဖြစ်ချင်ရာဖြစ် ဆိုပြီး နေချင်သလို နေတာနဲ့က မတူပါဘူး။ ဒါကို သတိချပ်ဖို့ လိုတယ်။
နောင်အနာဂတ်မှာ ကိုယ်ဂုဏ်ယူရမဲ့ ကိစ္စတွေကို အခု လုပ်ဆောင်နေခြင်း၊ အနာဂတ်မှာ နောင်တရမနေရမဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နေခြင်း၊ ကိုယ့်ရဲ့ Future self ကကျေးဇူးတင်နေမဲ့ အလုပ်တွေကို လုပ်နေခြင်းဟာ အနာဂတ်အတွက် ပြင်ဆင်နေတာပဲ။
ဒါကြောင့် Live in the present ဆိုတာ အနာဂတ်ကို လုံးလုံးပစ်ပယ်လိုက်တာမျိုး မဟုတ်ပါဘူး။ မဖြစ်သေးတာကို တွေးပူမနေဘဲ လက်ရှိကို အကောင်းဆုံး ရှင်သန်နေထိုင်တာသာ ဖြစ်ပါတယ်။
🔳 ၂၀၂၄ ရဲ့ လက်ကျန် ၃ လအတွက်ရော၊ ဝေဝါးနေတဲ့ အနာဂတ်ကို ရင်ဆိုင်နေတဲ့ ကာလတလျှောက်လုံးအတွက်ပါ အသုံးတည့်မဲ့ S ၄ လုံးကို မျှဝေချင်တယ်။
• Sharpen your saw
• Self-discipline
• Self-respect
• Sharing/ Social support တို့ ဖြစ်ပါတယ်။
📌 ၁။ ကိုယ့်ရဲ့ လွှကို အမြဲသ,နေခြင်း
Stephen Covey ရဲ့ “7 Habits of Highly Effective People” စာအုပ်ထဲမှာ စဖတ်ဖူးတာ။ Sharpen your saw တဲ့။
သစ်ကို လွှနဲ့ ဖြတ်တဲ့အခါ ပြန်မသ,ဘဲ တစ်ချိန်လုံး ထိုင်ဖြတ်နေရင် ကြာလာတဲ့အခါ တုံးလာမယ်။ ကောင်းကောင်းဖြတ်နိုင်တော့မှာ မဟုတ်ဘူး။ ဆိုလိုတာက အလုပ်တွေချည်း ဖိလုပ်နေပြီး ကိုယ့်ကိုယ်ကိုယ် မဖြည့်နေရင် တစ်ချိန်ကျ သူများနောက် ကျန်ခဲ့ရလိမ့်မယ်။
ခုခေတ်ဆို ဖြည့်စရာ၊ သွေးစရာ၊ သ,စရာတွေက ပိုပိုများလာတယ်။ ဒါကြောင့် အချိန်တစ်ခု သီးခြားဖယ်ထားပြီး လုပ်ကိုလုပ်ရပါလိမ့်မယ်။
ကိုယ့်ယုံကြည်ချက်ကြောင့် အလုပ်နားထားရသူတွေလည်း တတ်နိုင်သလောက် သနေ၊ သွေးနေ။ ပြောသလောက် မလွယ်တာတော့ သိပေမဲ့ ရနိုင်သလောက် လုပ်ကြည့်ဖို့ပါ။ Career ပျောက်သွားပေမဲ့ လေ့လာမှုကိုတော့ ရပ်မထားစေချင်လို့ပါ။ ကျောင်းနားထားတဲ့ ကျောင်းသူကျောင်းသားတွေလည်း ဒီလိုပါပဲ။
ကျွန်တော်တို့လည်း လောလောဆယ် အရင်လောက် အလုပ်တွေ လုပ်မရသေးပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ ဖြည့်နေရတာပါပဲ။ လေ့လာဖို့ လိုတာတွေ လေ့လာနေရတာပါပဲ။ ရပ်တန့်နေလို့မှ မရတာ။
📌 ၂။ ကိုယ်ပိုင်စည်းကမ်း
ဒါကလည်း သိပ်အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းမထားနိုင်ရင် စိတ်အလိုလိုက်မိမယ်။ မလုပ်သင့်တာတွေ လုပ်မိပြီး လုပ်သင့်တာတွေ လုပ်ဖို့ ပျက်ကွက်သွားလိမ့်မယ်။
Self-discipline ဟာ ကိုယ့်ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘဝတိုးတက်ရေး၊ အားလုံးအတွက် အရေးကြီးပါတယ်။
ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ရင် ငွေလည်း မစုမိဘူး။ Healthy lifestyle ကိုလည်း မမွေးမြူနိုင်ဘူး။ လူမှုဆက်ဆံရေးလည်း အဆင်မပြေဘူး။ ဘယ်ပညာကိုသင်သင်လည်း မပြီးမြောက်ဘူး။ အလုပ်တွေလည်း မတွင်ကျယ်ဘူး။ ဘယ်လိုအလေ့အကျင့်ကောင်းကိုမှလည်း ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။
ဒါကြောင့် တိုက်ပွဲတွေအားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် တိုက်ရတဲ့ တိုက်ပွဲက အခက်ဆုံးဖြစ်သလို၊ အောင်ပွဲတကာ့ အောင်ပွဲတွေအားလုံးထဲမှာလည်း မိမိကိုယ်မိမိ အောင်နိုင်ခြင်းက အကောင်းဆုံးလို့ ပြောတာပါ။
📌 ၃။ မိမိကိုယ်မိမိ လေးစားမှု
ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတယ်။
မတရားမှုတစ်ခုကို ကိုယ့်မျက်စိရှေ့မှာ တွေ့ရတယ်။ ဘာဝင်လုပ်မှာလဲ။ ဘာဝင်ပြောမှာလဲ။ လက်ပိုက်ကြည့်နေမှာလား။ ဒါ ရွေးချယ်မှုပဲ။
လူတစ်ယောက်က ကိုယ့်ကို အပုပ်ချ တိုက်ခိုက်တယ်။ ကိုယ် ဘာပြန်ပြောမလဲ။ ဘယ်လိုတုံ့ပြန်မလဲ။ ဒါ ရွေးချယ်မှုပဲ။
အခက်အခဲတွေ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ရတယ်။ လက်လျှော့မလား။ ခေါင်းငုံ့မလား။ ဒူးထောက်မလား။ ဒါမှမဟုတ် ခေါင်းမော့ရင်ကော့ပြီး ရှေ့ဆက်မလား။ ဒါလည်း ရွေးချယ်မှုပဲ။
အဲဒီလို တစ်ခုခုကို ရွေးတော့မယ်၊ ဆုံးဖြတ်တော့မယ် ဆိုတဲ့အခါ ဦးနှောက်နဲ့ စဉ်းစားပြီး အကျိုးအပြစ်ကို ချိန်ဆရွေးချယ်ကြတာ ရှိသလို၊ စိတ်ခံစားချက်အလျောက် လုပ်မိတာတွေလည်း ရှိတယ်။
ဒီလူနဲ့ ပေါင်းလိုက်ရင်၊ ဒီအဖွဲ့ကို ထောက်ခံလိုက်ရင်တော့ ငါ အကျိုးအမြတ် ရမှာပဲ ဆိုတာ ခေါင်းသုံးပြီး လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်ပဲ။
ကိုယ့်ကို လာတိုက်ခိုက်သူကို ဒေါသအလျောက် တုံ့ပြန်မိတာမျိုးကျ စိတ်ခံစားချက်ကနေ လှုံ့ဆော်လိုက်တဲ့ ရွေးချယ်မှုမျိုး ဖြစ်တယ်။
စကားလက်ဆောင် ပေးချင်တာကတော့ "အနာဂတ်မှာ ကိုယ်နောင်တရမနေရမှာ သေချာတဲ့ ရွေးချယ်မှုမျိုးကိုပဲ လုပ်စေချင်တယ်။ ပြန်တွေးလိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် လေးစားနေရမဲ့ ဆုံးဖြတ်ချက်မျိုးကိုပဲ ချစေချင်တယ်"
ပျောက်ဆုံးမှုတွေ အားလုံးထဲမှာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံးသွားတာက ကြောက်စရာ အကောင်းဆုံး ဖြစ်လို့ပါပဲ။
📌 ၄။ မျှဝေခြင်း
ကိုယ့်တစ်ယောက်တည်းအတွက်ပဲ ရှင်သန်သွားတဲ့ ဘဝဟာ အဓိပ္ပါယ်မဲ့လွန်းပါတယ်။ ခုဆို ကိုယ့်ပတ်ဝန်းကျင်မှာ လူပေါင်းများစွာ ဒုက္ခရောက်နေကြတယ်။ လိုအပ်နေကြတယ်။ အဲဒါတွေကို လျစ်လျူရှုနေလို့ မရဘူး။ သူတို့ကို အသုံးချပြီး နာမည်ဝင်ယူဖို့လည်း မဟုတ်ဘူး။ စစ်မှန်တဲ့ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရားတွေနဲ့ ကူညီကြရပါလိမ့်မယ်။
If you are not happy, make other people happy.
ဒါ ဒီကာလအတွင်း ကျွန်တော်ကျင့်သုံးတဲ့ ဘဝနေနည်းတစ်ခုပဲ။ ကိုယ်မပျော်တဲ့အခါ သူတစ်ပါးကို ကူညီပေးခြင်း၊ ပျော်အောင်လုပ်ပေးခြင်းက ကိုယ့်ကိုလည်း ပြန်ပျော်စေတယ်။ ဘဝကို အဓိပ္ပါယ် ရှိစေတယ်။ ကောင်းတဲ့လုပ်ရပ်တွေ လုပ်ထားတဲ့အတွက် ကိုယ်လိုအပ်တဲ့အခါ ပြန်ကူညီမဲ့သူတွေ ရှိတယ်။ ဒီတော့ လုံခြုံသလို ခံစားရစေတယ်။ မရေရာတဲ့ အနာဂတ်ကို ဖြတ်သန်းရာမှာလည်း သတ္တိတွေ ရှိလာစေတယ်။
🔳 ဒီ ၄ ချက်က ခုလိုကာလအတွက် အလိုအပ်ဆုံး၊ အကိုက်ညီဆုံး ဖြစ်မယ်လို့ မြင်ပါတယ်။ နောက်နှစ် ဘာဖြစ်မယ်၊ ဘယ်တော့ ဒီခေတ်ဆိုးကြီး လွန်မြောက်မယ် အတိအကျ မသိပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဖြည့်နေမယ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမယ်၊ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်မဲ့ ရွေးချယ်မှုမျိုးတွေ လုပ်မယ်၊ တစ်ယောက်လက် တစ်ယောက်တွဲထားကြမယ် ဆိုရင်တော့ သေချာပါတယ်၊ ဘယ်လိုနည်းနဲ့မှ အရှုံးမရှိနိုင်ပါဘူး။
ဒေါက်တာ ဖြိုးသီဟ
၁.၁၀.၂၀၂၄