20/03/2026
Non-Current Asset / PPE တွေ ဝယ်တဲ့အခါ
ပြီးခဲ့တဲ့ တပတ် အသိ အမတစ်ယောက်က စာရင်းကိစ္စလေး တစ်ခု တိုင်ပင်တယ်။ သူပြောပြတာက သူတို့လုပ်ငန်းက PPE တစ်ခု ဝယ်တယ် ပထမအကြိမ် ပေးရမှာလည်း ပေးပြီးပြီ။ ဒုတိယ အကြိမ်နဲ့ တတိယအကြိမ် နဲ့ နောက်ဆုံးတစ်ကြိမ် တွေကလည်း ၁၂လတာ ကာလ အတွင်းမှာ ပေးရမှာ လို့ ဆိုတယ်။ PPE က ဘာလည်း ဆိုတာ အတိအကျ မသိရသလို ပထမအရစ် ပေးပြီးချိန်း Under Control ဖြစ်နေပြီလား ဆိုတာလည်း မသိရဘူး။ သူအဓိက သိချင်တာက PPE ကို စာရင်းဖော်ရတော့မလား ဆိုတာနဲ့ ပထမအကြိမ် Payment ကို ဘယ်လို စာရင်းသွင်းမလဲ ဆိုတာ ကို ဝေခွဲမရ ဖြစ်နေတာ။
Non-Current Asset (PPE) တွေ ဝယ်တဲ့အခါ ကျွန်တော်တို့ ပထမဆုံး စဉ်းစားရမှာက ဘယ်အချိန် Asset Recognize လုပ်ရမလဲ ဆိုတာနဲ့ ဘယ်အချိန် စပြီး Depreciation တွက်ရမလဲ ဆိုတာ တို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်အခြေအနေမှာ Asset ကို စာရင်းသွင်းမလဲ ဆိုတာ ရယ် ဘယ်အခြေအနေရောက်မှ တန်ဖိုးလျော့ စတွက်ရမလဲ ဆိုတာ သိဖို့ လိုလာပါတယ်။
ဘယ်အချိန် စာရင်း သွင်းမလဲ ဆိုတာက ကျွန်တော်တို့ ဝယ်လိုက်တဲ့ Asset က ကျွန်တော်တို့ရဲ့ ထိမ်းချုပ်မှု Control (Economic Ownership) ရရှိတဲ့ အချိန်မှာ Asset ကို စာရင်းသွင်းရပါမယ်။ ဥပမာ ကျွန်တော်တို့က တရုတ်က စက်ပစ္စည်း တစ်ခုမှာတယ်။ ဝယ်တဲ့ ပုံစံက သင်္ဘော အရောက် FOB နဲ့ ဆိုရင် သင်္ဘောပေါ် ရောက်တာနဲ့ Risk and Rewards Transfer ဖြစ်ပြီး စက်ပစ္စည်းက မိမိထိမ်းချုပ်မှုအောက်ရောက်ရှိ မိမိသဘော ဖြစ်သွားပါတယ်။ ထိုအချိန်မှ စပြီး မိမိစာရင်းမှာ စက်ပစ္စည်း ကို Asset အဖြစ် စာရင်းသွင်းရပါတယ်။
စက်ပစ္စည်းက မတပ်ဆင်ရသေး မလည်ပတ်နိုင်သေးတဲ့ အချိန်မှာတောင် Control ရရင် Asset အဖြစ် စာရင်းသွင်းရပါပြီ။
စက်ပစ္စည်းက ထားရှိ အသုံးပြုတဲ့ နေရာကို ရောက်ရှိပြီး တပ်ဆင် စမ်းသပ်ပြီး Ready to Use အသုံးပြုဖို့ အဆင်သင့် ဖြစ်ပြီ ဆိုရင်တော့ Depreciation စတွက်လို့ ရပါပြီ။ သုံးဖို့ အဆင်သင့် ဖြစ်နေပေမယ့် အမှန်တကယ် အသုံး မပြုနိုင်သေးရင်တောင် တန်ဖိုးလျော့ စတွက် နိုင်ပါတယ်။
ဒီနေရာမှာ နားလည်ထားရမှာက PPE တစ်ခုကို စာရင်းသွင်းတာက Payment နဲ့ မဆိုင်ဘူး ဆိုတာပါ။ တကယ်သက်ဆိုင်တာက Control ရ မရ ဆိုတာနဲ့ Ready to Use အဆင်သင့် ဖြစ်ပြီလား ဆိုတာ ပေါ်မှာသာ မူတည်ပါတယ်။ Ready to Use ဆိုတာက မိမိအသုံးပြုဖို့ ရည်ရွယ်ထားတဲ့ နေရာ နဲ့ လိုအပ်တဲ့ အခြေအနေ ရှိနေတာကို ဆိုလိုတာ ဖြစ်ပါတယ်။
အပေါ်က မေးထားတဲ့ case ကို ပြန် ကောက် ရရင် မိမိဝယ်လိုက် တဲ့ Asset က မိမိပိုင်ပြီလား မိမိထိမ်းချုပ်နိုင်ပြီလား ဆိုတာ အရင်သိဖို့ လိုပါတယ်။ မပိုင်သေးဘူးဆိုရင် ပထမအကြိမ် လွှဲပေးလိုက်တဲ့ Amount ကို ကြိုတင်ပေး အနေနဲ့ပဲ စာရင်း ပြရမှာ ဖြစ်ပါတယ်။ ဥပမာ Advance for Fixed Asset စာရင်းမှာ Dr ပြပြီး ငွေပေးလိုက်ရလို့ Cash or Bank စာရင်းမှာ Cr နဲ့ စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ် နဲ့ တတိယ အကြိမ်လည်း ထို့နည်းလည်းကောင်း စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အကြိမ်ပေးပြီး ပစ္စည်း ရောက်လာမှ PPE မှာ Dr နဲ့ Advance မှာ Cr ရိုက်ပြီး စာရင်းပိတ်ရပါမယ်။
အကယ်၍ ပထမအကြိမ် ပေးပြီး ကတည်းက Asset ကို ထိမ်းချုပ်ခွင့် ရှိနေပြီ ဆိုရင်တော့ Asset ကို စာရင်းဖော်လို့ ရပြီဖြစ်ပါတယ်။ နောက်ပိုင်း ပေးရမည့် အကြိမ်များအတွက် Amount တွေကိုလည်း ပေးရန်ရှိ အဖြစ် စာရင်းဖော်ထားရမှာ ဖြစ်ပါတယ်။ ဥပမာ ရုံးသုံးဖို့ ကားတစီးဝယ်တယ်။ ဝယ်တာက HP နဲ့ ဘဏ်ချိတ်ပြီး ဝယ်တာ ဆိုရင် ကနဦး down payment 30% ပေးပြီးရင် ကားက Control ရပြီလို့ ဆိုနိုင်တယ်။ ဆိုတော့ ကားတန်ဖိုးကို Asset စာရင်းသွင်းရပြီး ပေးဖို့ကျန်တဲ့ 70% ပေးရန်ရှိ စာရင်း ဖော် အတိုးကို Finance Cost ပြ မပေးရသေးရင် အတိုးပေးရန်ရှိ နဲ့ထား ငွေပေးရင် ပေးရန်ရှိတွေနဲ့ စာရင်းချေ ရမှာပါ။
ဒါတွေက ဝယ်ယူပြီး ဘယ်လို အခြေအနေမှာ စာရင်းဘယ်လို ဖော်မလဲ ဆိုတာကို နားလည်သလောက် ပြန်ရေးတာပါ။
နောက်တပိုင်း က ဘယ်အချိန် Depreciation တန်ဖိုးလျော့ စတွက်မလဲ ဆိုတာပါ။ ဆရာမ တစ်ယောက် ပြောဘူးတာလေး မှတ်မိနေတာကတော့ Ready to use ဖြစ်တဲ့ အချိန်က စလို့ တန်ဖိုးလျော့ စတွက်ရမယ်လို့ မှတ်ထားဘူးပါတယ်။
Control ရတဲ့ အချိန် နဲ့ Ready to use ဖြစ်တဲ့ အချိန် ကွာခြားမှု ရှိနိုင်သလို အချိန်တူတူ လည်း ဖြစ်နိုင်ပါတယ်။ အဓိက ဂရုစိုက်ရမှာက Asset အတွက် ပိုက်ဆံပေးပြီးတိုင်း တန်ဖိုးလျော့ စတွက်လို့ မရပါဘူး။ အသုံးပြုဖို့ အဆင်သင့် ဖြစ်ပြီဆိုမှ တန်ဖိုးလျော့ စတွက်ရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ ဘယ်အချိန် Depreciation တန်ဖိုးလျော့ တွက်ရမလဲ ဆိုတာနဲ့ ပတ်သပ်ပြီး ဆရာ တစ်ယောက် ရှင်းပြဘူးတဲ့ Case နမူနာလေး တွေ ပြန်မျှဝေပေးရရင်...
ဥပမာ - အဆောက်အဦးတစ်ခုကို စည်ပင်ကလာစစ်ပြီး လူနေခွင့်ပါမစ်ရတဲ့နေ့က Ready to Use နေ့ပါ။ စည်ပင်ကနှစ် ၅၀ သက်တန်းလို့သတ်မှတ်ပြီးရင် သုံးသုံး မသုံးသုံးသက်တန်းကလျော့နေသလို လူမနေလဲ ပျက်စီးစရာက သူ့သက်တန်းကုန်ရင်ပျက်မဲ့အမျိုးအစားမျိုးကိုဆိုလိုပါတယ်။ ဒါကြောင့် Ready to Use ကစတွက်သင့်ပါတယ်လို့ Accounting Standard ကပြောတာပါ။
အများစုသော Plants and Equipment တွေကလဲ နည်းပညာတိုးတက်လာရင် အသစ်ပေါ်လာရင်တန်ဖို့လျော့တတ်တာသဘာဝပါ လုံးဝအသုံးမတည့်တော့တာလဲဖြစ်နိုင်ပါတယ် ဒါကြောင့် Property (Land ကလွဲရင်) နဲ့ Plants and Equipment တွေအတွက် လတ်တလော Rules အရ Ready to Use က စပြီး Depreciation တွက်ရပြီး ကြားကာလ မသုံးရင်လဲဆက်တွက်သင့်ပါတယ်။
ချွင်းချက်အနေနဲ့ မသုံးလို့သက်တမ်းတကယ်မကုန်ရင် (သို့) မသုံးသေးလို့သက်တမ်းတကယ်စပြီးမကုန်ရင် သီးခြား Disclosure လုပ်ပြီး Depreciation မချရင်လည်းရပါတယ်။
သို့သော် Same Asset Class တစ်ခုအောက်မှာ Same Rules ပဲ Consistently သုံးရပါမယ်။Cherry Picking လိုသလို တွက်ချင်တဲ့ ပစ္စည်း ကိုပဲ ရွေးတွက်တာမျိုး မလုပ်ရပါဘူး။
ဉပမာ- ကားဆို ကားအားလုံး၊ အဆောက်အဦဆို အဆောက်အဦအားလုံးကို တွက်ရမယ်လို့ ဆိုလိုတာပါ။
ဒါဆို ဘယ်ပစွည်းကို ဘယ်အချိန် မှာ တန်ဖိုးလျော့ စတွက်ရမယ် ဆိုတာကိုတော့ ရှင်းပြီထင်ပါတယ်။
Control ရတဲ့ အခြေအနေ ဆိုတာ ကိုလည်း အသေးစိတ် ပြောရရင် ...
Control ရှိတယ်လို့ယူနိုင်ဖို့ အောက်ပါ Condition တွေ ကြည့်ရပါမယ်။
📌Control ရှိတဲ့ အခြေအနေဆိုတာက
Asset ကို သင်ပိုင်ဖြစ်ပြီး supplier ပြန်မယူနိုင်တော့ဘူး၊ Risk (damage, loss) သင်ဘက်ကို ပါလာပြီ ကိုယ့်တာဝန်ဖြစ်သွားပြီ၊ Supplier က သင့် Instruction မရှိဘဲ မသုံးနိုင်ဘူး၊ Asset သည် သင့်အတွက် specifically identified အထူးအော်ဒါအပ်ထားတာ စတဲ့
အထက်ပါ အခြေအနေတွေ ရှိနေတယ် ဆိုရင်တော့
ပစ္စည်း မရောက်သေးတောင် PPE Recognize လုပ်နိုင်ပါတယ်။
📌Control မရှိသေးတဲ့ အခြေအနေတွေ ဆိုတာက
Supplier Warehouse မှာပဲရှိနေသေးပြီး သူ control လုပ်နေတယ်၊ Refund / Cancellation လုပ်လို့ရသေးတယ်၊ Risk က Supplier မှာပဲရှိနေတယ်။
အထက်ပါ အခြေအနေ ဖြစ်နေသေးတယ် ဆိုရင်တော့
Capital Advance / Prepayment ပဲသုံးရပါမယ်။
စာရင်းကိုင် တွေ အနေနဲ့က Incoterms တွေကို သိထား နားလည်ထားဖို့လည်း လိုပါတယ်။ သိထားရင် စာရင်းသွင်းချက်တွေ ပိုမှန် ပိုကောင်းပါတယ်။
ဒီလောက် ဆိုရင်တော့ အထက်ပါ မေးခွန်းမေးထားတဲ့ အမ ရဲ့ Case ကို အဖြေရပြီလို့ ယူဆပါတယ်။
ချစ်ခင်စွာဖြင့်
ခင်ဇော်
18th Feb 2026