F.A.A Group

F.A.A Group Please come to join us

14/06/2026

🔰ဒီတခါ ဆောင်းပါးကတော့ ဗြိတိန်ရဲ့ စာရင်းကိုင်နဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို ကြီးကြပ်တဲ့ FRC (Financial Reporting Council) အဖွဲ့က ကမ္ဘာ့အကြီးတန်းစာရင်းစစ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ PwC (PricewaterhouseCoopers) UK ကို တရားဝင်စုံစမ်းစစ်ဆေးတော့မယ့်အကြောင်း ရေးသားထားတာ ပါ။ 🔰Goingconcern.com မှာ June 9 ရက်နေ့က FRC To Determine Whether Missing a £30 Million Overstatement Was, In Fact, Bad Auditing ဆိုပြီး ရေးသားခဲ့တဲ့ ဆောင်ပါးပါ။ ဆောင်းပါးရဲ့ အဓိကအချက်အလက်တွေကို အရင်လိုပဲ မြန်မာလို အလွယ်နားလည်အောင် အနှစ်ချုပ် ရှင်းပြပေးလိုက်ပါတယ်။ အသေးစိတ်ကို သူတို့ဆိုဒ်မှာ ဖတ်လို့ရ။

၁။ ပြဿနာရဲ့ အစက-
WH Smith ဆိုတာ ဗြိတိန်အခြေစိုက် လက်လီအရောင်းဆိုင်ကြီးတစ်ခု ဖြစ်ပါတယ်။ (လေဆိပ်တွေမှာ တွေ့ရတတ်တဲ့ InMotion နားကြပ်ဆိုင်တွေဟာ သူတို့ပိုင်တာပါ)။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လတုန်းက WH Smith ကုမ္ပဏီဟာ သူတို့ရဲ့ မြောက်အမေရိက (North America) ဘက်က အမြတ်ငွေတွေကို စတာလင်ပေါင် ၃၀ မီလီယံ (အမေရိကန်ဒေါ်လာ ၄၀ မီလီယံခန့်) ပိုပြမိထားတဲ့ "စာရင်းကိုင်အမှား" ရှိနေကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အမြတ်ငွေ ပိုပြမိကြောင်း သတင်းထွက်လာပြီးနောက်မှာ ကုမ္ပဏီရဲ့ ရှယ်ယာစျေးနှုန်းတွေဟာ ၄၂ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားခဲ့ပါတယ်။

၂။ ဘာကြောင့် စာရင်းမှားတာလဲဆို သူတို့က ကုန်ပစ္စည်းပေးသွင်းတဲ့သူတွေ (Suppliers) နဲ့ စာချုပ်ချုပ်ထားတာ ရှိပါတယ်။ ရောင်းအား ပြည့်ရင်ဖြစ်ဖြစ်၊ ကြော်ငြာခရရင်ဖြစ်ဖြစ် Suppliers ဆီကနေ ပြန်အမ်းငွေ (Rebates) နဲ့ စပွန်ဆာငွေတွေ ရပါတယ်။ အမှန်တကယ်တော့ အဲဒီရငွေတွေကို နောက်လာမယ့် ဘဏ္ဍာရေးနှစ် စာရင်းထဲမှာပဲ ထည့်သွင်းရမှာ ဖြစ်ပေမဲ့၊ သူတို့က လက်ရှိနှစ် စာရင်းထဲမှာ ကြိုတင်ထည့်သွင်းလိုက်မိတဲ့အတွက် (အချိန်ကာလ မှားယွင်းစာရင်း သွင်းမိတဲ့အတွက်) အမြတ်တွေ ပိုများနေသလို ဖြစ်သွားတာပါ။

၃။ PwC ဘာကြောင့် အစစ်ဆေးခံရတာလဲဆိုရင် PwC ဟာ WH Smith ကုမ္ပဏီရဲ့ စာရင်းတွေကို ၂၀၁၅ ခုနှစ်ကတည်းက စစ်ဆေးပေးခဲ့တဲ့ "အဓိက စာရင်းစစ်ကုမ္ပဏီ" ဖြစ်ပါတယ်။ ဖြစ်တာက မြောက်အမေရိက ( အမေရိကန်နဲ့ ကနေဒါရုံးခွဲတွေက)ဖြစ်ခဲ့ပေမဲ့ ကုမ္ပဏီတစ်ခုလုံးရဲ့ ဘဏ္ဍာရေးအစီရင်ခံစာ (Group Financial Statements) ကိုတော့ ရုံးချုပ်တည်ရှိရာ နိုင်ငံရဲ့ စည်းမျဉ်းတွေအတိုင်းပဲ တင်ပြရပါတယ်။ အမှားကို မတွေ့ရှိခဲ့ဘဲ (သို့မဟုတ်) မှားယွင်းစစ်ဆေးခဲ့တဲ့ စာရင်းစစ်ကုမ္ပဏီမှာ PwC UK ရုံးခွဲ ဖြစ်နေပါတယ်။ ဒီလောက်ကြီးမားတဲ့ ပေါင်သန်း ၃၀ အမှားကြီးကို PwC က ကြိုတင်ပြီး ရှာမတွေ့ခဲ့ပါဘူး။ ကုမ္ပဏီကိုယ်တိုင်က ဝန်ခံထုတ်ပြန်ပြီးမှသာ PwC က သိခဲ့တာ ဖြစ်ပါတယ်။

🔰 ဒါကြောင့် ဗြိတိန်ရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (FRC) က PwC အနေနဲ့ စာရင်းစစ်တာ ပေါ့လျော့ခဲ့သလား၊ စာရင်းစစ်တာ ညံ့ဖျင်းခဲ့လို့လားဆိုတာကို သိဖို့ အခုလို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ စတင်လိုက်တာ ဖြစ်ပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရင်တော့ PwC အနေနဲ့ ဒဏ်ငွေအကြီးအကျယ် ဆောင်ရဖို့ ရှိနေပါတယ်။

၄။ အမှားပေါ်ပြီး နောက်ပိုင်းမှာ အခြားစာရင်းစစ်ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Deloitte က Independent Reviewer အဖြစ်ဝင်ရောက်စစ်ဆေး ပေးခဲ့ရာမှာ မြောက်အမေရိကဌာနခွဲမှာ အောက်ပါအားနည်းချက်တွေ ရှိနေတာကို တွေ့ခဲ့ရပါတယ်။
၁။ အမြတ်ရရှိရေး၊ ပစ်မှတ်ပြည့်ရေးကိုပဲ အဓိကဇောက်ချလုပ်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှု (Target-driven performance culture) ရှိနေခြင်း။
၂။ ဗဟို (Group) အနေနဲ့ မြောက်အမေရိကရဲ့ ဘဏ္ဍာရေးပိုင်းကို သေချာ ကြပ်မတ်မှု အားနည်းခြင်း။
၃။ အဲဒီဌာနခွဲမှာရှိတဲ့ ဘဏ္ဍာရေးအဖွဲ့ (Finance Team) က လူတွေ အရည်အချင်း အားနည်းခြင်းနှင့် လုပ်ငန်းတွင်း ထိန်းချုပ်မှုစနစ် (Internal Controls) မကောင်းခြင်း။

🔰ကုမ္ပဏီတစ်ခုက ဒီလိုစာရင်းအမှားမျိုးကို ဖုံးကွယ်မထားဘဲ အများပြည်သူသိအောင် အလောတကြီး ဝန်ခံလိုက်ရတဲ့ နောက်ကွယ်မှာ အကြောင်းရင်းတွေကတော့
၁။ ဆောင်းပါးထဲမှာ ပါတဲ့အတိုင်း WH Smith ကုမ္ပဏီဟာ သူတို့ရဲ့ နှစ်ချုပ်စာရင်းတွေ (Year-end accounts) ကို ပြင်ဆင်နေတဲ့အချိန်မှာ ဒီ ပေါင် ၃၀ မီလီယံအမှားကို သူတို့ရဲ့ ဌာနတွင်း ဘဏ္ဍာရေးအဖွဲ့က ပြန်လည်စိစစ်ရင်း ရှာတွေ့သွားတာ ဖြစ်ပါတယ်။ စာရင်းစစ်တွေဖြစ်တဲ့ PwC ဆီ မရောက်ခင် ကိုယ့်ဘက်က အရင်တွေ့သွားတာပါ။
၂။ စတော့အိတ်ချိန်း ဥပဒေအရ မဖြစ်မနေ ထုတ်ပြန်ရခြင်း
WH Smith ဟာ စတော့ဈေးကွက်မှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီကြီး (Publicly Listed Company) ဖြစ်ပါတယ်။ ဥပဒေအရ စတော့ဈေးကွက်က ကုမ္ပဏီတွေဟာ ရှယ်ယာရှင်တွေကို လိမ်ညာလို့မရပါဘူး။ ကုမ္ပဏီရဲ့ အမြတ်အစွန်း သို့မဟုတ် တန်ဖိုးကို ထိခိုက်စေမယ့် "ထူးခြားတဲ့ အမှားအယွင်း သို့မဟုတ် သတင်း" ရှိလာရင် ချက်ချင်း အများပြည်သူကို ချပြရမယ်ဆိုတဲ့ တင်းကျပ်တဲ့ ဥပဒေ (Disclosure Rules) ရှိပါတယ်။ တကယ်လို့ သိလျက်နဲ့ ဖုံးကွယ်ထားပြီးမှ နောက်မှ ပေါ်သွားရင် ကုမ္ပဏီတင်မကဘဲ ဒါရိုက်တာအဖွဲ့ဝင်တွေပါ ထောင်ဒဏ် သို့မဟုတ် ရာဇဝတ်မှုအထိ တရားစွဲခံရနိုင်ပါတယ်။

၃။ မရိုးသားတဲ့ "လိမ်လည်မှု (Fraud)" မဟုတ်ဘဲ "အယူအဆအမှား (Technical Error)" ဖြစ်နေခြင်း။ ဒါက တမင်တကာ ပိုက်ဆံခိုးထားတာမျိုး မဟုတ်ဘဲ၊ စာရင်းကိုင်စံနှုန်း (Accounting Standards) တွေကို အသုံးချတာ မှားသွားတာဖြစ်ပါတယ်။
ဥပမာ - နောက်နှစ်မှ ပြရမယ့် အမြတ်ကို ဒီနှစ်ထဲ ကြိုထည့်မိတာမျိုး ဖြစ်တဲ့အတွက် "ငွေကတော့ တကယ်ရှိတယ်၊ စာရင်းသွင်းတဲ့ အချိန်ကာလ (Timing) ပဲ မှားသွားတာ" လို့ Deloitte က ဆိုပါတယ်။ ဒါကြောင့် ကုမ္ပဏီဘက်က "ငါတို့ တမင်လိမ်တာမဟုတ်ဘူး၊ စာရင်းကိုင်တာ နည်းပညာအရ မှားသွားတာ" ဆိုပြီး ဝန်ခံလိုက်တာက သိက္ခာပိုင်းအရ ပိုအဖတ်ဆယ်ရလွယ်ပါတယ်။

၄။ နောက်မှ ပေါက်ကြားသွားရင် ကုမ္ပဏီ လုံးဝပျက်စီးသွားနိုင်ခြင်း
တကယ်လို့ အခုလို ကိုယ်တိုင်မဝန်ခံဘဲ ဖုံးထားရာကနေ နောက်မှ (Whistleblower) တစ်ဦးဦးက ဖွင့်ချလိုက်လို့ဖြစ်ဖြစ်၊ အခွန်ဌာနက မိသွားလို့ဖြစ်ဖြစ် ပေါ်သွားရင် ကုမ္ပဏီရဲ့ ယုံကြည်မှု (Credibility) က သုည ဖြစ်သွားပါလိမ့်မယ်။ ရှယ်ယာဈေးတွေလည်း အခုထက် ပိုပြီး ထိုးကျသွားနိုင်ပါတယ်။ ကိုယ်တိုင် ဝန်ခံလိုက်တာက ရှယ်ယာရှင်တွေရဲ့ ယုံကြည်မှုကို ရေရှည်မှာ ပြန်ရဖို့ အကောင်းဆုံးလမ်း ဖြစ်ပါတယ်။

09/06/2026

🔥ဒါကတော့ ရှေ့မှာ ပြောပြခဲ့တဲ့ KPMG Australia ရဲ့ လျှို့ဝှက်ချက်ပေါက်ကြားမှု အရှုပ်တော်ပုံ၏ ကြီးထွားလာတဲ့နောက်ဆက်တွဲ အခြေအနေကို ဖော်ပြထားတဲ့ သတင်းဆောင်းပါးသစ် ဖြစ်ပါတယ်။

ပထမပိုစ့် ဒီမှာဖတ်ပါ🔥https://www.facebook.com/share/p/18zdy4gQgK/
✒️Edmund Tadros နှင့် Josh Hohne တို့က ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး စီးပွားရေးသတင်းစာ ဝက်ဘ်ဆိုက် ဖြစ်ပါတဲ့ The Australian Financial Review (AFR) (www.afr.com) မှာ
၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ အရင်လိုပဲ ဆောင်းပါးကိုကွက်တိ ဘာသာပြန်တာ မဟုတ်ပဲ ဖတ်ပြီး ပြန်ရေးတာပါ။

🔰ပြီးခဲ့တဲ့ ရက်ပိုင်းက CEO နုတ်ထွက်သွားပြီးနောက်ပိုင်း၊ အခုအခါမှာတော့ KPMG ရဲ့ အဆင့်မြင့် ခေါင်းဆောင်ပိုင်းတွေ ထပ်မံပြုတ်ကျကုန်ပြီး အစိုးရနဲ့ Customer ကုမ္ပဏီကြီးတွေရဲ့ ဖိအားပေးမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။

🔰နောက်ထပ် ထိပ်တန်းတစ်ဦးဖြစ်တဲ့
KPMG Australia ရဲ့ ဒုတိယအကြီးအကဲ သို့မဟုတ် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Eileen Hoggett (Chief Operating Officer - COO) ဟာ ရာထူးကနေ ဆင်းပေးလိုက်ရပြီ ဖြစ်ပါတယ်။
🔰 အကြောင်းကတော့ သူမဟာ ယခင်က အရှုပ်တော်ပုံထဲမှာပါတဲ့ Lendlease ကုမ္ပဏီရဲ့ စာရင်းစစ်အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး၊ Lendlease ရဲ့ လျှို့ဝှက်ချက်တွေကို သူမရဲ့ ကိုယ်ပိုင် Locker (ဘီရို) ထဲမှာ သိမ်းဆည်းကာ တခြားစာချုပ်တွေ ဝင်ပြိုင်ဖို့ အသုံးချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်မှာ ပါဝင်ပတ်သက်နေလို့ ဖြစ်ပါတယ်။

🔰ဩစတြေးလျရဲ့ အိမ်ခြံမြေလုပ်ငန်း ကုမ္ပဏီကြီးဖြစ်တဲ့ Dexus က သူတို့ရဲ့ ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် စာရင်းတွေကို Eileen Hoggett အား လက်မှတ်ရေးထိုးခွင့် (Signing Partner အဖြစ် ဆောင်ရွက်ခွင့်) လုံးဝ မပြုတော့ဘဲ ပယ်ထုတ်လိုက်ပါတယ်။ ဒါ့အပြင် သက်တမ်းရင့် Client ဖြစ်တဲ့ Lendlease ကလည်း လာမည့်နှစ်မှာ KPMG အစား တခြားစာရင်းစစ်ကုမ္ပဏီအသစ်ကို ပြောင်းလဲငှားရမ်းဖို့ ပြင်ဆင်နေပါတယ်။
🔰 အစိုးရများက စာချုပ်များကို ပြန်လည်စစ်ဆေးနေခြင်း
Australia ဟာ Federal System နဲ့သွားတာမို့ဗဟိုအစိုးရနဲ့ ပြည်နယ်6 ခုမှာလဲ သီခြားအစိုးရတွေရှိပါတယ်။
🔷 NSW (New South Wales) အစိုးရ-KPMG ထံသို့ စာရေးသားပေးပို့ပြီး ၎င်းတို့၏ အစိုးရလျှို့ဝှက်ချက်များ လုံခြုံမှု ရှိမရှိနှင့် အကျင့်ပျက်ခြစားမှုတွင် ပါဝင်ပတ်သက်နေသူများ အစိုးရပရောဂျက်များ၌ လုပ်ကိုင်နေခြင်း ရှိမရှိ အာမခံချက် အရေးတကြီး တောင်းဆိုထားပါတယ်။
🔷 Victoria အစိုးရ- KPMG အား ပေးထားသည့် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသော အစိုးရစာချုပ်များကို လျှို့ဝှက်ချက် ပေါက်ကြားမှု ရှိမရှိ ပြန်လည်စစ်ဆေး (Review) နေပြီ ဖြစ်ပါတယ်။
🔷 ဖယ်ဒရယ် (ဗဟို) အစိုးရ- ဘဏ္ဍာရေးဝန်ကြီး Katy Gallagher က ဒီကိစ္စအပေါ် အထူးစိုးရိမ်ပူပန်ကြောင်းနှင့် လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ပါလီမန် (လွှတ်တော်) ၌ ကြားနာစစ်ဆေးမှုများ ပြုလုပ်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
🔰ကုမ္ပဏီတွင်း လက်ရှိအခြေအနေ
လက်ရှိမှာ KPMG ရဲ့ အမှုဆောင်အရာရှိချုပ်ယာယီ (Interim CEO) အဖြစ် တာဝန်ယူထားရသူ Stan Stavros က ဝန်ထမ်းများအားလုံးကို အီးမေးလ်ပို့ပြီး တောင်းပန်ခဲ့ရပါတယ်။ သူက "ဒီထက်ပိုပြီး ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်းခဲ့သင့်ကြောင်း၊ အမှားကို ဝန်ခံကြောင်းနှင့် ပြည်သူလူထုရဲ့ ဝေဖန်စစ်ဆေးမှုတွေကို ဆက်လက်ရင်ဆိုင်သွားရဦးမှာ ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။
🔰ပြောရရင်တော့ CEO တင်မကဘဲ အခု COO ပါ ထပ်မံပြုတ်ကျသွားပြီး၊ အစိုးရဌာနတွေကပါ KPMG နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းဖို့ သို့မဟုတ် ပြန်လည်စစ်ဆေးဖို့ လုပ်ဆောင်လာကြတဲ့အတွက် KPMG အတွက် အခြေအနေဟာ ပိုမိုဆိုးရွားလာနေတာ ဖြစ်ပါတယ်။

09/06/2026

❌❌မနေ့က Corporate Governance မကောင်းရင် ကုမ္ပဏီ ဘယ်လိုဒုက္ခ ရောက်လဲ ပြောသွားခဲ့ပြီး ‌ဒီနေ့ မှာပဲ (May 31 2026) KPMG ရဲ့ CEOအန်ဒရူးယိစ်ရဲ့ ရာထူးမှ နှုတ်ထွက်မှု အကြောင်း ဆောင်းပါး တက်လာပါတယ်။ ❌❌

🔰ယခု သတင်းဆောင်းပါး KPMG’s Andrew Yates has got every ASX company worriedကို The Australian Financial Review (AFR) အမည်ရှိ ဩစတြေးလျနိုင်ငံ၏ အကြီးဆုံး စီးပွားရေးနှင့် ဘဏ္ဍာရေး သတင်းစာဝက်ဘ်ဆိုက် (www.afr.com) တွင် စာရေးသူ Hannah Wootton က ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက် တွင် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

🔰လက်ရှိ ဩစတြေးလျနိုင်ငံ စီးပွားရေးလောကမှာ အကြီးအကျယ် ဟိုးလေးတကျော် ဖြစ်နေတဲ့ KPMG (ကမ္ဘာ့အကြီးဆုံး စာရင်းကိုင်နဲ့ အကြံပေးကုမ္ပဏီကြီး ၄ ခုထဲက တစ်ခု) ရဲ့ နာမည်ပျက် အရှုပ်တော်ပုံသတင်း ဖြစ်ပါတယ်။ ဆောင်းပါးကို အတိအကျ ပြန်တာမဟုတ်ပဲ လိုအပ်မယ်ထင်တဲ့ ပြင်ပ အကြောင်းအရာ အချို့
(confidentiality, fair callစတာ‌ေတွ) ထည့်သွင်း ရေးသားထားတာ ဖြစ်ပါတယ်။

🔰KPMG Australia ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Andrew Yates ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ကုမ္ပဏီအတွင်းက မတရားမှုကို ဖော်ထုတ်သူ (Whistleblower) တစ်ဦးရဲ့ တိုင်ကြား ချက်ကြောင့် ဖြစ်ပါတယ်။ KPMG ဟာ သူတို့ဆီမှာ စာရင်းစစ်အပ်ထားတဲ့ လက်ရှိ Customer ကုမ္ပဏီတွေရဲ့ လျှို့ဝှက်ချက်တွေကို ခိုးယူပြီး၊ ပိုပြီး ပိုက်ဆံရမယ့် တခြားကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းစာချုပ်သစ်တွေ ရရှိဖို့အတွက် အသုံးချခဲ့တယ် ဆိုပြီး မိသွားလို့ ဖြစ်ပါတယ်။

🔰အဓိက ပေါက်ကြားမှုကြီး ၂ ခုကတော့
🎯Lendlease နဲ့ Westpac ဘဏ် ကိစ္စ

KPMG ဟာ သူတို့ရဲ့ သက်တမ်းရင့် Customer ဖြစ်တဲ့ Lendlease ကုမ္ပဏီရဲ့ လျှို့ဝှက်ဘုတ်အဖွဲ့ဝင် မှတ်တမ်းတွေကို ခိုးယူပြီး၊ တစ်နှစ်ကို ဒေါ်လာ ၂၉ သန်းလောက်ရမယ့် Westpac ဘဏ်ကြီးရဲ့ လုပ်ငန်းစာချုပ်ကို အရယူဖို့အတွက် အသုံးချခဲ့ပါတယ်။
🎯Optus နဲ့ Telstra ဖုန်းလိုင်း ကုမ္ပဏီကြီးများ ကိစ္စ:
Optus ဖုန်းလိုင်းကုမ္ပဏီရဲ့ စာရင်းတွေကို ကိုင်တွယ်နေတဲ့ KPMG ဝန်ထမ်းတွေဟာ Optus ရဲ့ လျှို့ဝှက်အချက်အလက်တွေကို သူတို့ရဲ့ ပြိုင်ဘက် Telstra ကုမ္ပဏီရဲ့ စာချုပ်ကို ဝင်ပြိုင်နေတဲ့ KPMG အဖွဲ့ဆီ ပေးခဲ့ပါတယ်။
၂။ ဒါဟာ ဘာကြောင့် အကြီးအကျယ် ပြဿနာတက်ရတာလဲဆိုရင် Confidentiality (လျှို့ဝှက်ချက်ကို ထိန်းသိမ်းခြင်း) ဆိုတာ စာရင်းစစ် (Auditor) တစ်ယောက် လိုက်နာရမယ့် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံး Professional Ethics (သက်မွေးဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်) တစ်ခု ဖြစ်ပါတယ်။ စာရင်းစစ်လုပ်ငန်း လုပ်ကိုင်စဉ်အတွင်း သိရှိလာရတဲ့ Client (အလုပ်အပ်နှံသူ) ကုမ္ပဏီရဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေ၊ စီးပွားရေး ဗျူဟာတွေနဲ့ လျှို့ဝှက်ချက်တွေကို အလုပ်အပ်နှံသူရဲ့ ခွင့်ပြုချက်မရှိဘဲ (သို့မဟုတ်) ဥပဒေအရ တရားဝင်တောင်းဆိုခြင်း မရှိဘဲ ပြင်ပလူတွေကို လုံးဝ မပြောပြရ၊ မပေါက်ကြားစေရပါဘူး။

🔰အခုတော့ KPMG က အဲဒီလျှို့ဝှက်ချက်တွေကို ပိုက်ဆံပိုရဖို့ ပြိုင်ဘက်တွေဆီ ပေါက်ကြားအောင် လုပ်ခဲ့တဲ့အတွက် "ဘယ်သူ့ကိုမှ ယုံလို့မရတော့ဘူး" ဆိုပြီး တစ်နိုင်ငံလုံးက ကုမ္ပဏီကြီးတွေ ထိတ်လန့်ကုန်ကြပါတယ်။
🔰ဖုံးဖိဖို့ ကြိုးစားခဲ့
ကုမ္ပဏီတွင်းက ဝန်ထမ်းတစ်ယောက်က ဒီမရိုးသားမှုကို စတင်တိုင်ကြားစဉ်က KPMG အကြီးအကဲတွေက ဘာမှမဖြစ်သလိုမျိုး၊ အဖြစ်မှန်ကို ဖုံးဖိဖို့နဲ့ လိမ်လည်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အခုတော့ အမှန်တရား ပေါ်သွားတဲ့အတွက် ပိုပြီး သိက္ခာကျသွားရတာ ဖြစ်ပါတယ်။

🔰"FairCall" ကြီး ဟာသဖြစ်သွားပုံ

FairCall" ဆိုတာ အလွယ်ပြောရရင်တော့ ကုမ္ပဏီကြီးတွေအတွက် "မတရားမှု တိုင်ကြားစာ လက်ခံတဲ့ လျှို့ဝှက် Hotline စနစ်" သို့မဟုတ် "Whistleblower ဝန်ဆောင်မှု" တစ်ခု ဖြစ်ပါတယ်။ ဒါကို KPMG ကုမ္ပဏီကနေ တီထွင်ပြီး တခြားကုမ္ပဏီကြီးတွေ (ဥပမာ- ဘဏ်တွေ၊ အစိုးရဌာနတွေ) ဆီကို ဝန်ဆောင်မှုတစ်ခုအနေနဲ့ ရောင်းချပေးထားတာ ဖြစ်ပါတယ်။
🔰သူ့ရဲ့ အလုပ်လုပ်ပုံနဲ့ အဓိက ရည်ရွယ်ချက်ကို အောက်ပါအတိုင်းပါ -
✅"FairCall" ရဲ့ အဓိက အခန်းကဏ္ဍကကုမ္ပဏီတစ်ခုခုမှာ ဝန်ထမ်းတစ်ယောက်က မိမိအထက်လူကြီး ဒါမှမဟုတ် ကုမ္ပဏီအတွင်းမှာ လာဘ်စားမှု၊ မရိုးသားမှု၊ မတရားမှုတွေ ရှိနေတာကို တွေ့ရင် ကုမ္ပဏီထဲမှာတင် တိုင်ဖို့ ဝန်လေးတတ်ကြပါတယ်။ KPMG ရဲ့ "FairCall" စနစ် (ဖုန်းလိုင်း သို့မဟုတ် ဝက်ဘ်ဆိုက်) ကနေတစ်ဆင့် သူဘယ်သူလဲဆိုတာကို အမည်မဖော်ပြဘဲ (Anonymously) လျှို့ဝှက်တိုင်ကြားနိုင်ပါတယ်။ KPMG က အဲဒီတိုင်ကြားချက်ကို လက်ခံရရှိရင် သက်ဆိုင်ရာ ကုမ္ပဏီရဲ့ အကြီးအကဲတွေဆီကို လျှို့ဝှက်အစီရင်ခံစာ ပေးပို့ပြီး၊ ဘက်လိုက်မှုမရှိဘဲ အမှန်အတိုင်း ဖြစ်မဖြစ် စုံစမ်းစစ်ဆေးပေးရပါတယ်။
🔰KPMG ဟာ တခြားကုမ္ပဏီကြီးတွေ (ဥပမာ- Reserve Bank of Australia (ဩစတြေးလျ ဗဟိုဘဏ်)၊ NAB (National Australia Bank) ကဲ့သို့သော အဖွဲ့အစည်းများ) ကို "FairCall" ဆိုတဲ့ ဝန်ဆောင်မှုကို ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မိမိတို့ကိုယ်တိုင်ရဲ့ တိုင်ကြားချက်ကိုတောင် မရိုးမသား ဖုံးဖိထားတဲ့ အတွက် တခြားကုမ္ပဏီတွေက "ငါတို့ရဲ့ လျှို့ဝှက်ချက်တွေကိုရော သူတို့ဆီမှာ ဘယ်လိုယုံရမလဲ" ဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။
🔰 နောက်ဆက်တွဲအနေနဲ့
အစိုးရထိန်းကျောင်းရေးအဖွဲ့ (ASIC) ကနေ KPMG ရဲ့ ဝန်ဆောင်မှုကို ယူနေတဲ့ ကုမ္ပဏီတွေအားလုံးကို ပြန်လည်စစ်ဆေးဖို့ နိုင်ငံရေးသမားတွေက တောင်းဆိုနေကြပါပြီ။ ကုမ္ပဏီ CEO ကတော့ ပိုက်ဆံ သန်းနဲ့ချီပြီး ယူကာ ရာထူးက ထွက်ပြေးလွတ်မြောက်သွားနိုင်ပေမယ့်၊ KPMG ရဲ့ အောက်ခြေဝန်ထမ်းတွေကတော့ နာမည်ပျက်သွားတဲ့ ကုမ္ပဏီကြောင့် Customer တွေရဲ့ အမေးအမြန်းကို ခံရမယ့်အပြင်၊ ကုမ္ပဏီဝင်ငွေကျဆင်းလာရင် အလုပ်ပြုတ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Corporate Governance မကောင်းရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို ဒီမှာဖတ်ပါ။
https://www.facebook.com/share/p/1CHkG4Cdw6/

& accountingpage


။
#ကူးယူခွင့်မပြု
#လွတ်လပ်စွာရှယ်နိုင်သည်။

24/04/2026

📢 အကောက်ခွန်နှုန်းထားအသစ်များ အသေးစိတ် အသိပေးကြေညာခြင်း။

​ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၄၉/၂၀၂၆) အရ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင်၍ ပြောင်းလဲကောက်ခံမည့် အကောက်ခွန်နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

​📉 ကုန်စည်အမျိုးအစားအလိုက် HS Code နှင့် နှုန်းထားများ။

​၁။ ငါးနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး (Frozen Fish and Fillets)
​HS Code: 0303.11.00 မှ 0305.49.90 အထိ (ဆယ်လ်မွန်၊ ထရောက်၊ ငါးသလောက်၊ တီလားပီးယား၊ ငါးခူ၊ ကတ်ဖစ်၊ ငါးနှုတ်သီး၊ ငါးဓားရှည်၊ ငါးမန်း၊ ငါးလိပ်အမျိုးမျိုး)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၅% သို့ တိုးမြှင့်လိုက်ပါသည်။ (+၁၀% တိုး)

​၂။ နို့နှင့် နို့ထွက်ပစ္စည်းများ (Milk and Cream)
​HS Code: 0402.10.41, 0402.21.20, 0402.29.20 (အလေးချိန် ၂၀ ကီလိုနှင့်အထက် အထုပ်အပိုးများ)
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၃။ ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်နှင့် လက်ဖက်ခြောက် (Butter, Cheese and Tea)
​HS Code: 0405.20.00 မှ 0406.90.00 (ထောပတ်၊ ဒိန်ခဲအမျိုးမျိုး) နှင့် 0902.20.10 မှ 0902.40.90 (လက်ဖက်ခြောက်အမျိုးမျိုး)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၄။ မုန့်နှင့် စားသောက်ကုန်များ (Cereal, Pasta and Bakery)
​HS Code: 1901.20.10 မှ 1905.90.90 အထိ (ခေါက်ဆွဲ၊ မုန့်ဟင်းခါးခြောက်၊ ကြာဆံ၊ ဘီစကစ်၊ ကိတ်မုန့်၊ ဝေဖာ၊ ပေါင်မုန့်ခြောက်နှင့် ကလေးစာအမျိုးမျိုး)
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၅။ စက်ဆီ၊ ချောဆီ အမျိုးမျိုး (Lubricating Oils)
​HS Code: 2710.19.46
​နှုန်းထားဟောင်း ၁.၅% မှ ယခု ၃% သို့ ပြောင်းလဲလိုက်ပါသည်။ (+၁.၅% တိုး)

​၆။ ပလပ်စတစ် ထုပ်ပိုးပစ္စည်းနှင့် လူသုံးကုန်များ (Plastics)
​HS Code: 3923.10.10 မှ 3924.90.90 အထိ (ပလပ်စတစ်ဗူး၊ အိတ်၊ အဖုံး၊ သွားတိုက်ဆေးပြွန်၊ ကလေးနို့ဗူး၊ အိမ်သုံးပစ္စည်းနှင့် မယ်လမင်းပစ္စည်းများ)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၇။ တာယာနှင့် ကျွတ်များ (Tyres and Tubes)
​HS Code: 4011.40.00 နှင့် 4013.20.00 (မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များ)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၈။ စက္ကူနှင့် စက္ကူအချောထည်များ (Paper and Paperboard)
​HS Code: 4802.54.00 မှ 4811.90.99 အထိ (ရေးစာစက္ကူ၊ ပုံနှိပ်စက္ကူ၊ ကာဗွန်စက္ကူ၊ အလှဆင်စက္ကူနှင့် စက္ကူလိပ်များ)
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၉။ ဂျုံအိတ်၊ ဂုန်နီအိတ်နှင့် ပလပ်စတစ်ယက်အိတ်များ (Sacks and Bags)
​HS Code: 6305.10.11 မှ 6305.90.00 အထိ
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၁၀။ ထီးအမျိုးမျိုး (Umbrellas)
​HS Code: 6601.10.00 မှ 6601.99.00 အထိ
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၁၁။ ခဲမဖြူနှင့် ခဲသတ္တုပစ္စည်းများ (Lead)
​HS Code: 7801.10.00 မှ 7806.00.90 အထိ
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၁၂။ လျှပ်စစ်ထရန်စဖော်မာများ (Transformers)
​HS Code: 8504.31.11 မှ 8504.34.00 အထိ (Instrument Transformers နှင့် Flyback Transformers အပါအဝင် အမျိုးမျိုး)
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​အထက်ပါ နှုန်းထားအသစ်များသည် ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့ မှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်ပါသည်။ ကုန်သွယ်မှုလုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်တွက်ချက်ရာတွင် အခက်အခဲမရှိစေရန် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။
​ #သွင်းကုန်လုပ်ငန်းရှင်များသိစေရန်

Happy New Year 🎉 to you all I pray that you will be able to live happily, healthily, and happily ever after the new year...
01/01/2026

Happy New Year 🎉 to you all

I pray that you will be able to live happily, healthily, and happily ever after the new year with your loved ones. 🍀

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှစ၍ သက်ရှိသတ္တဝါအားလုံး ဘေးအပေါင်းကင်းပါစေ၊ရန်အပေါင်းငြိမ်းပါစေ။
06/10/2025

ယနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှစ၍

သက်ရှိသတ္တဝါအားလုံး ဘေးအပေါင်းကင်းပါစေ၊

ရန်အပေါင်းငြိမ်းပါစေ။

01/07/2025

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ (၁၉၇) ခု အား အမည်မည်းစာရင်း ကြေညာခြင်း

Post Date :30-06-2025

၁။ နိုင်ငံတော်အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများအပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂ဝ၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၃ဝ) ရက်အတွင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့ခြင်းဖြစ်ပါက ပို့ကုန်တင်ပို့သည့်နေ့မှ (၆ဝ) ရက်အတွင်း ပို့ကုန်တင်ပို့သူ၏ မြန်မာနိုင်ငံအတွင်းရှိ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်ဖြစ်ကြောင်း ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

၂။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ (FEML) အခန်း (၁၁)၊ ပုဒ်မ ၃၈-ခ တွင် “မည်သူမျှ ပို့ကုန်ရငွေ အားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြား သုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ” ဟု လည်းကောင်း၊ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက FEML ပုဒ်မ ၄၂-က အရ “ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်”ဟုလည်းကောင်း ပြဌာန်းထားပါသဖြင့် ပို့ကုန်တင်ပို့သူများအနေဖြင့် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေများ ပြန်လည်ဝင်ရောက်ရန် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၃။ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သည့် ပို့ကုန်လုပ်ငန်းရှင်များသည် ပို့ကုန် ရငွေများကို သတ်မှတ်ကာလအတွင်း ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် မပျက်မကွက် ပြန်လည်ထည့်သွင်းစေရေးအတွက် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ ပူးပေါင်း၍ ဆက်သွယ်ခေါ်ယူ စာရင်းရှင်းလင်းခဲ့ပြီးနောက် စာရင်းရှင်းလင်းခြင်း မရှိသည့်ကုမ္ပဏီများအား ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။

၄။ (၂၃-၆-၂ဝ၂၅) ရက်နေ့စိစစ်ချက်အရ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ပူးတွဲပါ ကုမ္ပဏီ (၁၉၇) ခုသည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာတို့ပါ သတ်မှတ်ချက်များအား လိုက်နာခြင်းမရှိသဖြင့် ကုမ္ပဏီ နှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအား အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်
( ၂၇-၆-၂ဝ၂၅ )

ပူးတွဲ-အမည်မည်းစာရင်း ထည့်သွင်းကြောင်း ကြေညာခြင်း ခံရသည့် ကုမ္ပဏီ နှင့် ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များစာရင်း

Source:

Address

No(26/c), R5, Nawaday Street, Dagon Township
Yangon

Opening Hours

Monday 09:30 - 17:30
Tuesday 09:30 - 17:30
Wednesday 09:30 - 17:30
Thursday 09:30 - 17:30
Friday 09:30 - 17:30

Telephone

09 5119828

Alerts

Be the first to know and let us send you an email when F.A.A Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to F.A.A Group:

Share