Lewis Aung Taxes & Financial

Hi I’m Lewis Aung, the founder of Lewis Aung Taxes & Financial.I'm a Tax Practitioner who is holding the IRS Enrolled Agent license.I'm one of the youngest professionals in the record with EA Credential granted by the US Department of the Treasury.

05/27/2026

🚨🇺🇸 အမေရိကန်လွှတ်တော်မှာ လပေါင်းများစွာ အကြိတ်အနယ် ဆွေးနွေးခဲ့ "Crypto အခွန်ဥပဒေကြမ်းသစ်" က ဒီနေ့ အောင်မြင်စွာနဲ့ တရားဝင် မိတ်ဆက်လိုက်ပြီ

📜🔥 ဒီဥပဒေကြမ်းရဲ့ နာမည်က Digital Asset PARITY Act လို့ ခေါ်ပါတယ်။

🤝💡 ဒီဥပဒေက နိုင်ငံရေးအယူအဆ မတူညီတဲ့ ရီပတ်ဘလီကန်က ကိုယ်စားလှယ် မက်စ် မီလာ (Rep. Max Miller) နဲ့ ဒီမိုကရက်က ကိုယ်စားလှယ် စတီဗင် ဟော့စ်ဖို့ဒ် (Rep. Steven Horsford) တို့ နှစ်ယောက်က ပါတီအစွဲတွေ ခဏဘေးဖယ်ပြီး Crypto အနာဂတ်အတွက် ပူးပေါင်းဦးဆောင် တင်သွင်းခဲ့တာပါ

☕💸 ဒီဥပဒေမှာ အခွန်လိုက်တွက်နေရတဲ့ ဒုက္ခတွေ ကင်းဝေးသွားအောင် $200 အောက် နေ့စဉ်သုံး Crypto ဝယ်ယူမှုတွေ၊ Payment တွေအတွက် အခွန်ကင်းလွတ်ခွင့် ပေးတော့မှာပါ

🛒🌍 ဒါက Crypto ကို "ရင်းနှီးမြှုပ်နှံမှု" သက်သက်ကနေ နေ့စဉ်သုံး "တကယ့်ငွေကြေး" အဖြစ် အသွင်ကူးပြောင်းဖို့ အကြီးမားဆုံး ခြေလှမ်းဖြစ်နေတာပါ

⛏️📊 အရင်က ဘယ်လိုအခွန်ကောက်ရမှန်းမသိဘဲ အစိုးရရော Traders တွေပါ ရှုပ်ထွေးနေတဲ့ Staking Rewards တွေနဲ့ Mining ကရတဲ့ "Phantom Income" (မထုတ်ရသေးဘဲ စာရင်းထဲရှိနေလို့ အခွန်ဆောင်ရတဲ့ငွေ) ပြဿနာတွေကိုပါ ရှင်းပေးသွားမှာပါ။

⏳✅ Reward တွေကို မထုတ်သရွေ့ အခွန်ပေးဖို့ မလိုဘူး။ တကယ်ထုတ်ရောင်းချမယ့်အချိန်ကျမှ အခွန်ဆောင်ပေးရမှာပါ။

🏦📈 တစ်ပြိုင်နက်တည်းမှာပဲ အမေရိကန် Crypto ဈေးကွက်ထဲမှာ အခွန်ဥပဒေတွေ ရှင်းလင်းသွားတာနဲ့အမျှ ငွေကြေးအဖွဲ့အစည်းကြီးတွေက ဈေးကွက်ထဲကို ရဲရဲဝံ့ဝံ့နဲ့ တရားဝင် ဝင်လာနိုင်ပြီဖြစ်လို့ ဈေးကွက်အတွက် အကြီးမားဆုံး ယုံကြည်မှုနဲ့ တည်ငြိမ်မှုကို ရရှိစေမှာပါ။

⚖️🇺🇸 အမေရိကန်လို ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံကြီးမှာ Crypto ကို ရိုးရိုးရှင်းရှင်းနဲ့ မျှတစွာ အခွန်ချမှတ်နိုင်ဖို့ ရှည်ရှည်ဝေးဝေး ဆွေးနွေးခဲ့ကြတာတွေ အခုတော့ အဆုံးသတ်သွားပါပြီ။

🎯🤝 အစိုးရက Crypto ကို တရားမဝင်ဘူးလို့ ငြင်းဆန်နေမယ့်အစား၊ စနစ်တကျ အခွန်ကောက်ဖို့ ကြိုးစားလာတာဟာ လုပ်ငန်းခွင်ထဲကို တရားဝင် လက်ခံလိုက်တဲ့ သဘောပါပဲ။

🚀💰 ဒီ "Digital Asset PARITY Act" သာ လွှတ်တော် အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ရင် ကမ္ဘာ့ Crypto ဈေးကွက်ထဲကို ဒေါ်လာဘီလီယံပေါင်းများစွာ အဟန့်အတားမရှိ စီးဝင်လာဖို့ လမ်းစပွင့်သွားပြီဖြစ်ပါတယ်။

💎🙌 ဒါက ရေရှည် (Long-term) ရင်းနှီးမြှုပ်နှံထားတဲ့ မိတ်ဆွေတို့အတွက်တော့ တကယ့် အဖိုးဖြတ်လို့မရတဲ့ သတင်းကောင်းကြီးပါ

💬👇 ဒီဥပဒေကြမ်းသာ ပြည့်ပြည့်ဝဝလည်ပတ်ရင် ဈေး အတော်လေး တက်နိုင်ဖွယ်ရှိပါတယ်။ မိတ်ဆဆွတို့ရော Bitcoin ဈေး ဘယ်လောက်ထိ တက်မယ်လို့ထင်လဲ ဆိုတာ အောက်က Comments မှာ ရေးခဲ့ပေးပါဦး

05/02/2026

TRON (TRX) Coin Review

TRX ဆိုတာ ဘာပါလဲ။ TRON ဟာ အကြောင်း အရာ မျှဝေခြင်း၊ dApps၊ စမတ်စာချုပ်တွေ၊ အထူးသဖြင့် Stablecoin အခြေပြု ငွေပေးချေမှုတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ မြန်ဆန်ပြီး ကုန်ကျစရိတ် သက်သာတဲ့ Layer-1 ဘလောက်ချိန်းတစ်ခုဖြစ်ပါတယ်။ TRX ကတော့ အဲဒီကွန်ရက်ရဲ့ မူရင်း cryptocurrency တစ်ခုဖြစ်ပြီး ကိုယ်ပိုင် Mainnet ရှိတဲ့ Native Coin တစ်ခုဖြစ်ပါတယ်။ TRON ရဲ့ အဓိက ရည်မှန်းချက်ကတော့ အင်တာနက်ကို ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး အကြောင်းအရာ ဖန်တီးသူတွေကို တိုက်ရိုက်အကျိုးခံစားခွင့်ပေးဖို့ ဖြစ်ပါတယ်။

TRX ဈေးနှုန်းဟာ တစ်ကြောင်းကို အမေရိကန်ဒေါ်လာ (၀.၃၂၂) ကနေ (၀.၃၂၄) ဝန်းကျင်မှာ ရှိပြီး အနည်းငယ် အတက်အကျရှိပါတယ်။ (၂၄) နာရီအတွင်း အရောင်းအဝယ်ပမာဏဟာ ဒေါ်လာ သန်း (၄၅၀) ကနေ (၆၆၅) သန်းအထိရှိကာ ငွေဖြစ်လွယ်မှု ကောင်းမွန်ပါတယ်။ စျေးကွက်တန်ဖိုးက ဒေါ်လာ (၃၀.၆) ဘီလီယံကနေ (၃၀.၇) ဘီလီယံဝန်းကျင်ရှိပြီး ထိပ်တန်း cryptocurrency (၈) ခုမှ (၁၀) ခုအတွင်း အမြဲပါဝင်ပါတယ်။ လက်ရှိမှာ TRX အကြောင်း (၉၄.၈) ဘီလီယံ လည်ပတ်နေပြီး အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ ပမာဏကတော့ အကန့်အသတ်မရှိပါဘူး။

TRON ကို Justin Sun က (၂၀၁၇) ခုနှစ်မှာ တည်ထောင်ခဲ့ပြီး ကနဦး ICO မှာ အမေရိကန်ဒေါ်လာ သန်း (၇၀) စုဆောင်းနိုင်ခဲ့ပါတယ်။ အစပိုင်းမှာ TRX ကို Ethereum ကွန်ရက်ပေါ်မှာ ERC-20 Token အဖြစ် ထုတ်ခဲ့ပေမယ့် (၂၀၁၈) ခုနှစ် ဇွန်လမှာ ကိုယ်ပိုင် Mainnet ကို စတင်ခဲ့ပြီး TRX ကို ကိုယ်ပိုင်ကွန်ရက်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ BitTorrent ကို ဝယ်ယူခြင်းအားဖြင့် ဖိုင်မျှဝေခြင်းနယ်ပယ်ကိုပါ ချဲ့ထွင်နိုင်ခဲ့ပါတယ်။

(၂၀၂၁) ခုနှစ်မှာ TRON Foundation ကို TRON DAO အဖြစ် ပြောင်းလဲခဲ့ပြီး ဆုံးဖြတ်ချက်ချခြင်းကို လူထုဆီသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီပြောင်းလဲမှုက TRON ကို ပိုမိုဗဟိုချုပ်ကိုင်မှုလျှော့ချတဲ့ ဦးတည်ချက်ကို ရောက်ရှိစေခဲ့ပါတယ်။ အဲဒီကတည်းက TRON ဟာ Stablecoin အသုံးပြုမှု၊ DeFi နဲ့ dApps တွေအတွက် အဓိကနေရာမှာ ရှိနေခဲ့ပါတယ်။ ယနေ့အချိန်အထိ TRON ဟာ ကမ္ဘာ့ထိပ်တန်း blockchain ကွန်ရက်တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

TRX ရဲ့ ကနဦး ထုတ်ပေးခဲ့တဲ့ အရေအတွက်က (၁၀၀) ဘီလီယံဖြစ်ပြီး ICO ကနေ (၄၀%) ရောင်းချခဲ့ပါတယ်။ လက်ရှိမှာ TRX အကြောင်း (၉၄.၈) ဘီလီယံ လည်ပတ်နေပြီး အမြင့်ဆုံးထုတ်ပေးနိုင်တဲ့ ပမာဏကတော့ အကန့်အသတ်မရှိပါဘူး။ ငွေကြေးဖောင်းပွမှုနှုန်းဟာ အလွန်နိမ့်ပြီး (၀.၄%) ဝန်းကျင်သာ ရှိပါတယ်။ TRX ရဲ့ အဓိက အသုံးပြုပုံတွေကတော့ Network အခကြေးငွေ ပေးချေခြင်း၊ Staking လုပ်ခြင်းနဲ့ Governance (အုပ်ချုပ်ရေးပိုင်း) မှာ ပါဝင်ခြင်းတို့ ဖြစ်ပါတယ်။

TRX ရဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်တဲ့ နည်းလမ်းသုံးခုရှိပါတယ်။ ပထမတစ်ခုက အရောင်း အဝယ်လုပ်တိုင်း TRX အနည်းငယ်ကို ဖျက်ဆီးပစ်တဲ့ စနစ် (Burning) ဖြစ်ပါတယ်။ ဒုတိယက Block Reward နဲ့ Staking Reward တွေကို လျှော့ချခြင်းဖြစ်ပြီး တတိယကတော့ အသုံးပြုသူတွေ TRX ကို Staking လုပ်ခြင်းအားဖြင့် စျေးကွက်ထဲ လည်ပတ်နေတဲ့ TRX ပမာဏကို လျှော့ချပေးတာ ဖြစ်ပါတယ်။ ဒီစနစ်တွေကြောင့် TRX ဟာ ငွေကြေးဖောင်းပွမှုအန္တရာယ်ကို ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။

TRON ဟာ Stablecoin အတွက် အဓိကကွန်ရက်တစ်ခု ဖြစ်လာပြီး USDT ပမာဏ ဒေါ်လာ (၈၆.၇) ဘီလီယံအထိ ရှိကာ ကမ္ဘာ့ Stablecoin စျေးကွက်ရဲ့ (၂၇%) ကျော်ကို ပိုင်ဆိုင်ထားပါတယ်။ နေ့စဉ် အသုံးပြုသူ (၃) သန်းကျော်ရှိပြီး အရောင်းအဝယ်‌တွေ အားကောင်းနေပါတယ်။

(၂၀၂၆) ခုနှစ်မှာ Quantum-Resistant လုံခြုံရေးအတွက် အဆင့်မြှင့်တင်မှုကို စတင်ဖို့ကိုလည်းစီစဉ်ထားပါတယ်။ဒါ့အပြင် Staking လုပ်ထားသူတွေအတွက် reward နည်းပါးအောင် ချိန်ညှိထားပြီး၊ ဖျက်ဆီးပစ်တဲ့စနစ်ကြောင့်လည်း ငွေကြေးဖောင်းပွမှုနှုန်းဟာ (၀.၄%) ဝန်းကျင်သာ ရှိနေတာပါ။

ဒါဆိုရင် TRX က ဘယ်လို cryptocurrency လဲဆိုတာကို နိဂုံးချုပ်ရရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ကို ပြောင်းလဲစေနိုင်တဲ့၊ အလားအလာရှိတဲ့ cryptocurrency တစ်ခုဖြစ်တာ မှန်ပေမယ့် စျေးနှုန်းအတက်အကျ မြင့်မားခြင်းက တည်ငြိမ်တဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုတော့ မဖြစ်‌စေပါဘူး။ Trade တဲ့အခါ ဈေးအတက်အကျကို သုံးသပ်နိုင်စွမ်း ရှိနေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ရင်းနှီး မြှုပ်နှံမှုတိုင်းမှာ Risk ရှိတာမို့ D.Y.O.R ပြုလုပ်ပြီးမှ ဆုံးဖြတ်ကြပါလို့ အကြံပြုလိုက်ရပါတယ်။

-Jack(MCM)

ချောကလက် လက်သည်ဘယ်သူလဲ ??
03/30/2026

ချောကလက် လက်သည်ဘယ်သူလဲ ??

Regarding recent press coverage

01/11/2026

Trump ရဲ့ "One Big Beautiful Bill Act" ကြောင့် ဒီနှစ် အခွန်ဆောင်တဲ့အခါ ပုံမှန်နှစ်တွေထက် ပိုရှုပ်နိုင်ပါတယ်။ 2025 အတွင်းမှာ Overtime များများလုပ်ထားတဲ့ W-2 သမားများ အခွန်သက်သာချင်ရင် ကိုယ့်ရဲ့ 2025 last Pay-stub (December Pay-Stub) ကို သိမ်းထားဖို့ အကြံပြုလိုပါတယ်။

01/07/2026

❗ဒီနေ့ပဲ အမေရိကန်အစိုးရက asylum seekers တွေကို Caribbean နိုင်ငံ Dominica ကို ပို့ဖို့သဘောတူညီချက်ယူလိုက်ပြီဆိုတဲ့သတင်း ထွက်လာပါတယ်

Trump အစိုးရရဲ့ အဓိက ရည်ရွယ်ချက်က အမေရိကန်ပြည်ထောင်စုအတွင်း နေထိုင်နေတဲ့ asylum seekers အရေအတွက်ကို လျှော့ချချင်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါပေမယ့် အခုအချိန်ထိ အစိုးရဘက်က
ဘယ်လောက်အရေအတွက်ရှိတဲ့ asylum seekers တွေကို ပို့မလဲ
သူတို့ကို ဘယ်နေရာတွေမှာ နေထိုင်စေမလဲ
အိမ်ရာ အစားအသောက် ကျန်းမာရေးနဲ့ လုံခြုံရေးစရိတ်တွေကို ဘယ်သူက တာဝန်ယူပေးမလဲ
ဘယ်လောက်ကြာအထိ နေထိုင်ရမလဲ
စတဲ့အရေးကြီးတဲ့ အသေးစိတ်အချက်အလက်တွေကို မရှင်းပြသေးပါဘူး။

အခု လက်ရှိ ဆိုးရွားလာတဲ့ အခြေအနေတွေကြောင့်ဘယ်အရာမှ တတ်အပ် မပြောနိုင်သေးပါ 😥

ဒါပေမယ့် အခုအဓိကထားပြီး ဒီ policy အကျုံးဝင်မယ့်သူတွေက
- border ကနေ document အထောက်အထားမရှိပဲ ဝင်လာသူတွေ
- expedited removal proceeding ထဲ ဝင်ထားတဲ့သူတွေ
- defensive asylum သမားတွေကို အဓိကထားတာ လို့ယူဆရပါတယ်

ဆိုလိုတာက removal proceeding ထဲ ဝင်ထားတဲ့ asylum seekers တွေကို third country ဖြစ်တဲ့ Dominica ကို ပို့နိုင်မယ့် အခြေအနေကို ပြောတာပါ။

❕ဒါကြောင့် visa နဲ့ တရားဝင် ဝင်လာပြီး USCIS ကို affirmative asylum တင်ထားတဲ့သူတွေ / status မပြတ်သေးတဲ့သူတွေ အတွက်က အခုသတင်းကြောင့် အလွန်အမင်း စိုးရိမ်ဖို့ မလိုသေးပါဘူး

ဒါပေမယ့် border ဖြတ်ပြီး ဝင်လာသူတွေ နဲ့ removal stage ထဲ ရောက်နေသူတွေ အတွက်ကတော့ တော်တော်လေး သတိထားရမယ့် အခြေအနေ ဖြစ်လာပါတယ်။

Affirmative Asylum seekers pending သမားတွေအနေနဲ့ အရမ်းခြောက်လှန့်ရေးထားတဲ့ စာတွေတွေ့တာတွေဖတ်ပြီး လိုတာထက်ပိုလန့်ရတာမျိုး စိတ်အပင်ပန်းမခံစေချင်ပါဘူး။ 😢
တကယ် directly ကြုံတွေ့နိုင်တဲ့ အနေအထားဆိုရင် Page မှာတင်ပေးနေပါ့မယ်။
အဆင်ပြေကြဖို့ပဲအားလုံးကိုမျှော်လင့်ချင်ပါတယ် 🙏🏻

*Not a legal Opinion*

01/03/2026

အခုတလော လူမေးများတဲ့ Trump ရဲ့ "One Big Beautiful Bill" ထဲက "New car loan interest deduction" အကြောင်း

#ယခုနှစ်အတွက် Income Tax Filing လုပ်ချင်သူများ ကျတော့် Page messenger ကသော်လည်းကောင်း၊ ဖုန်း နံပါတ် (650)4559704 ကိုသော်လည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ် ခင်ဗျ။

01/02/2026

လူတွေအများစု အထင်မှားနေကြတာက 401(k) တို့ IRA အကောင့်တို့ ရှိယုံနဲ့ ကိုယ်က ရင်းနှီးမြှုပ်နှံမှုရှိနေပြီ ကိုယ့်ပိုက်ဆံတွေ ပေါက်ပွားနေပြီလို့ ထင်နေကြတာပါ။ တကယ်တမ်းက ဒီအကောင့်တွေက စတော့မားကတ်နဲ့ ချိတ်ဆက်ထားတာပဲရှိသေးတာပါ။ သူက ဘဏ်အကောင့်လိုမျိုး ပိုက်ဆံထည့်ထားရုံသက်သက် အတိုးရနေတာမျိုးမဟုတ်ပါဘူး။ ဉပမာပြောရရင် ဒီအကောင့်တွေက ကိုယ့်အတွက် စိုက်ပျိုးမြေသက်သက်ပဲဖြစ်ပါတယ်။ မျိုးစေ့ကြဲချင်ရင်တော့ stock, bond တွေဝယ်လိုက်မှပဲ ဒီမြေကြီးမှာ အပင်ပေါက်လာမယ် အသီးသီးလာမယ် စသဖြင့်။ အောက်မှာတော့ ဒီအကောင့်တွေအကြောင်း ကျွန်တော်နားလည်သလို ရေးပြထားပါတယ်။

စတော့ရင်းနှီးမြှုပ်နှံဖို့အတွက် အကောင့်အမျိုးအစားများ

စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် စတော့ဈေးကွက်နဲ့ချိတ်ဆက်ပေးတဲ့ အကောင့်တခုလိုအပ်ပါတယ်။ 401(k), IRA , Brokerage တို့ဆိုတဲ့ ပြောပြထားတာတွေအားလုံးက အကောင့်အမျိုးအစားများပဲဖြစ်ပါတယ်။ ဒီအကောင့်ထဲ ကိုယ်ကိုယ်တိုင် ပိုက်ဆံထည့်တာပဲဖြစ်ဖြစ်၊ ကိုယ့်အလုပ်ရှင်က ထည့်ပေးတာပဲဖြစ်ဖြစ်ဝင်လာတဲ့ ပိုက်ဆံတွေကို Stock တွေ၊ ETF တွေ Bond တွေ စသဖြင့် ဝယ်ယူထားမှသာ ပိုက်ဆံက ရင်းနှီးမြှုပ်နှံတဲ့အဆင့်ရောက်ပြီး တိုးပွားလာမှာဖြစ်ပါတယ်။ ပိုက်ဆံဒီအတိုင်းထည့်ထားရုံနဲ့ တိုးပွားလာမှာမဟုတ်ပါ။ (ဘာတွေဝယ်မလဲ ဘယ်လိုဝယ်မလဲဆိုတဲ့အကြောင်း ဗွီဒီယိုတွေ Comment ထဲက link တွေမှာ ကြည့်နိုင်ပါတယ်။) ချွင်းချက်အနေနဲ့ တချို့ကုမ္ပဏီတွေမှာတော့ ပေးတဲ့လခရဲ့ တချို့တဝက်ကို ပိုက်ဆံအစား သူတို့ကုမ္ပဏီ stock တွေပေးတာမျိုးရှိပါတယ်။

သာမန် Brokerage Account နဲ့ 401(k), IRA တို့ကွာပုံ

အခြေခံအကျဆုံးကိုယ်တိုင်ဖွင့်လှစ်နိုင်တဲ့အကောင့်ကိုတော့ Brokerage Account လို့ခေါ်ပါတယ်။ ကျွန်တော် အရင်ဗွီဒီယိုတခုမှာ ဖွင့်နည်းကိုပြောပြထားတာရှိပါတယ်။ ဒါက ဘယ်သူမဆို (အမေရိကန်မှာနေထိုင်၊ SNN ရှိသူ) ဖွင့်လို့ရပါတယ်။ (နိုင်ငံရပ်ခြားဆိုရင်တော့ တနိုင်ငံနဲ့ တနိုင်ငံ မတူနိုင်ပါဘူး။ ကျွန်တော်သိသလောက် ထိုင်း၊ စင်္ကာပူ၊ ဂျပန်နဲ့ ဥရောပနိုင်ငံတွေမှာ ဆိုင်ရာ investing firm တွေက တဆင့်ဖွင့်လို့ရတယ်လို့ သိထားပါတယ်။) ဘဏ်အကောင့်တခုဖွင့်ဖို့ ဘဏ်တခုလိုအပ်သလိုပဲ Brokerage အကောင့်ဖွင့်ဖို့အတွက်လည်း ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (Brokerage) လိုအပ်ပါတယ်။ ဘယ် Brokerage မှာ အကောင့်ဖွင့်မှာလဲပေါ့။ US နာမည်ကြီး ကုမ္ပဏီတွေကတော့ Fidelity, Charles Schwab, Robinhood, E-Trade ဖြစ်ပါတယ်။

Brokerage အကောင့်လိုပဲ အလုပ်ရှင်မလိုပဲ ကိုယ်တိုင်ဖွင့်နိုင်တဲ့အကောင့်က IRA အကောင့်ပါ။ Individual Retirement Account မြန်မာလိုဆိုရင်တော့ အငြိမ်းစားစုငွေအကောင့်ပေါ့။ အငြိမ်းစားဆိုတဲ့အတိုင်း အငြိမ်းစားအရွယ်ရောက်တော့မှ ထည့်ထားတဲ့ပိုက်ဆံတွေ ပြန်ထုတ်လို့ရမယ်။ အငြိမ်းစားအရွယ်က ဘယ်လောက်လဲဆိုတော့ အသက် ၅၉နှစ်ခွဲပါ။ ဒါကြောင့် ဒီလို IRA အကောင့်ထဲထည့်မယ်ဆိုရင် ကိုယ့်အတွက်အပြင်မှာ သုံးဖို့ပိုက်ဆံလုံလုံလောက်လောက်ရှိထားပြီးမှ ရေရှည်သေချာပေါက်ထည့်နိုင်မယ့် ပိုက်ဆံပမာဏကိုထည့်တာကောင်းပါတယ်။ ဒါဆိုဘာလို့ IRA မှာထည့်သင့်လဲဆိုတော့ အခွန်အကျိုးအမြတ်ခံစားခွင့်ကြောင့်ပါ။

မြင်သာအောင်တချက်ထဲပြောရရင် "သာမန် brokerage account တခုမှာက အခွန်ကို နှစ်လမ်းဖြတ်ပြီး IRA အကောင့်မှာတော့ တလမ်းပဲဖြတ်ပါတယ်။"

ဒီ Brokerage account ထဲထည့်တဲ့ပိုက်ဆံတွေ (အဝင်)က ကိုယ်အခွန်ဆောင်ပြီးသား ပိုက်ဆံတွေဖြစ်သလိုပဲ ဒီထဲမှာ Stock တွေရောင်းလိုက်လို့ မြတ်တဲ့ ပိုက်ဆံ (အထွက်)ကိုလည်း အခွန်ဆောင်ရပါတယ်။ ဒါကြောင့် Brokerage account က နှစ်လမ်း အဝင်ရောအထွက်ပါဖြတ်ပါတယ်။ IRA မှာကျ အဝင် (သို့) အထွက် တစ်လမ်းပဲဖြတ်ပါတယ်။ ကိုယ်က ဘယ်လမ်းကို အခွန်ဖြတ်စေချင်လဲပေါ့မူတည်ပြီး အကောင့် ၂ မျိုးထပ်ကွဲသွားတယ်။ ၅၉နှစ်ခွဲပြည့်လို့ ပြန်ထုတ်တဲ့ပိုက်ဆံ (အထွက်)ကိုပဲ အခွန်ဖြတ်တဲ့အကောင့်ကိုတော့ Traditional IRA လို့ခေါ်ပြီး အဝင်ကို ဖြတ်တဲ့ အကောင့်ကိုတော့ Roth IRA လို့ခေါ်ပါတယ်။ (အဆုံးမှာ ဒီနှစ်ခုကွာခြားချက်ရဲ့ အသေးစိတ်ထပ်ရေးထားပါတယ်)

ဒီ IRA သဘောတရားကိုသိသွားရင် ကိုယ့်အလုပ်ကဖွင့်ပေးတဲ့ 401(K) ဆိုတာကို နားလည်ဖို့ မခက်တော့ပါဘူး။ IRA အကောင့်လိုပဲ သူကလည်း အငြိမ်းစားအကောင့်ဖြစ်တဲ့အတွက် ၅၉နှစ်ခွဲမှ ပိုက်ဆံပြန်ထုတ်လို့ရမယ်။ သူ့ရဲ့ ထူးခြားတာက အလုပ်ရှင်က ဖွင့်ပေးမှရတဲ့အကောင့်ပါ။ အလုပ်ရှင်က ဘာလို့ဖွင့်ပေးတာလဲဆိုတော့ ကိုယ့်အလုပ်ရဲ့ အကျိုးခံစားခွင့်တခုအနေနဲ့ ဝန်ထမ်းတွေ ဒီအကောင့်မှာ ပိုက်ဆံစုတဲ့အခါတိုင်း သူကလည်း % တခုထိ လိုက်ထည့်ပေးလို့ပါ။ ကုမ္ပဏီတခုနဲ့တခု % ပေးပုံချင်းတော့ မတူပါဘူး။ ဉပမာအသုံးအနှုန်းတခု - The company matches 50% of your contributions up to 6% of your salary. ဆိုရင် ကိုယ့်လခရဲ့ ၆% ထိစုတဲ့ငွေပမာဏအတွက် ကုမ္ပဏီက ၅၀% ထပ်ဆောင်းထည့်ဝင်မယ်လို့ပြောတာပါ။ ဆိုကြပါစို့ ကိုယ်က ၁နှစ်ကို ဒီအလုပ်ကနေ လစာ ၅၀၀၀၀ ရတယ်။ ၆% ဆိုတော့ ၃၀၀၀ ပေါ့။ ၃၀၀၀ ရဲ့ ၅၀% က ၁၅၀၀ပါ။ ဆိုရင် တစ်နှစ်ကို ကိုယ်က ဝင်ငွေထဲက ၃၀၀၀ စုတာနဲ့ ကုမ္ပဏီဘက်က ၁၅၀၀ ထပ်ထည့်ပေးမှာဖြစ်လို့ စုစုပေါင်း စုငွေက ၄၅၀၀ ဖြစ်သွားမှာပါ။ ၃၀၀၀ ထက်ပိုစုရင်တော့ ကျန်တဲ့ပိုက်ဆံကို သူက match လုပ်မပေးတော့ဘူးပေါ့။ ဒါကြောင့် ဒီ ၁၅၀၀ (Free Money) ကို အပြည့်အဝရအောင် 401(k) ကို max out လုပ်ပါဆိုတာ ၃၀၀၀ (၆%) ထိ လိုက်ထည့်ပါလို့ ပြောကြတာဖြစ်ပါတယ်။ 401(k) မှာလည်း IRA လို အခွန် (အဝင်အထွက်ဖြတ်မှုအပေါ်မူတည်ပြီး) Traditional နဲ့ Roth ဆိုပြီး ပြန်ခွဲထားပါတယ်။ ဒါကတော့ ကိုယ်ရွေးခွင့်မရှိ ကုမ္ပဏီက ပေးတာပဲယူတာပါ။

ဘာအကောင်းဆုံးလဲ - Traditional IRA vs. Roth IRA

ဆိုတော့ အပေါ်က ပြောခဲ့တဲ့ IRA က Traditional နဲ့ Roth မှာ ကိုယ့်ဘာကိုယ်အကောင့်ဖွင့်ပြီး စုချင်ရင် ဘယ်ဟာဖွင့်သင့်လဲလို့ မေးစရာဖြစ်လာပါတယ်။ ဒီအပိုင်းက သူတို့ရဲ့ အသေးစိတ်နှိုင်းယှဉ်ချက်ပါ။

Traditional IRA အလုပ်လုပ်ပုံ:
1️⃣ အခု ငွေထည့်တဲ့အခါ အခွန်ကင်းလွတ်ခွင့်ရတယ် (tax deduction)
2️⃣ ငွေကိုအကောင့်ထဲမှာ stocks, bonds တွေဝယ်ထားရင်း တိုးလာမယ်
3️⃣ အငြိမ်းစားယူတဲ့အခါမှ (၅၉.၅ နှစ်နောက်) အခွန်ပေးရတယ်

အားသာချက်: ✓ အခုလက်ရှိ အခွန်ဆောင်ရတာနည်းမယ် (tax break now) ✓ လက်ရှိ ၀င်ငွေများသူတွေအတွက် ပိုသင့်တော်တယ် ✓ အငြိမ်းစားယူတဲ့အခါ (ဒီအကောင့်ထဲကထုတ်သုံးရတဲ့) ၀င်ငွေနည်းမယ်ထင်ရင် သင့်တော်တယ်

အားနည်းချက်: ✗ နောက်မှ ထုတ်တဲ့အခါ အခွန်ပေးရတယ် ✗ ၇၃ နှစ်မှာ မဖြစ်မနေ ထုတ်ရတယ် (RMD - Required Minimum Distribution)

Roth IRA အလုပ်လုပ်ပုံ:
1️⃣ အခု ငွေထည့်တဲ့အခါ အခွန်ပေးပြီးမှ ထည့်တယ် (after-tax money)
2️⃣ ငွေကိုအကောင့်ထဲမှာ stocks, bonds တွေဝယ်ထားရင်း တိုးလာမယ်
3️⃣ အငြိမ်းစားယူတဲ့အခါ အခွန်လုံးဝ မပေးရတော့ဘူး (tax-free withdrawal)

အားသာချက်: ✓ အငြိမ်းစားယူတဲ့အခါ အခွန်လုံးဝ မပေးရဘူး ✓ ပိုက်ဆံတိုးလာတာ အားလုံး ကိုယ်ပိုင် ✓ မဖြစ်မနေ ထုတ်စရာ မလိုဘူး (No RMD) ✓ အရွယ်မရောက်ခင် ထည့်ထားတဲ့ ငွေကို ဒဏ်ကြေးမရှိဘူး ထုတ်လို့ရတယ်

အားနည်းချက်: ✗ ယခု အခွန်ကင်းလွတ်ခွင့် မရဘူး ✗ ၀င်ငွေကန့်သတ်ချက်ရှိတယ် (income limit) - များရင် မထည့်လို့ရဘူး

ဘယ်တခု ရွေးသင့်လဲ?

Traditional IRA ရွေးပါ - အကယ်၍:
✓ယခု အခွန်ပေးရတာများနေတယ်
✓အငြိမ်းစားယူတဲ့အခါ (ဒီအကောင့်ထဲကထုတ်သုံးရတဲ့) ၀င်ငွေနည်းမယ်လို့ထင်တယ်
✓အခု ချက်ချင်း အခွန်လျှော့ချင်တယ်

Roth IRA ရွေးပါ - အကယ်၍:
✓အသက်ငယ်နေသေးတယ်
✓ယခု ၀င်ငွေနည်းတယ် (နောက်မှ များလာမယ်)
✓အငြိမ်းစားယူတဲ့အခါ အခွန်မပေးချင်ဘူး
✓ငွေကို flexible ထုတ်ချင်တယ်

အကြံပြုချက်
အများစုအတွက် Roth IRA က ပိုကောင်းပါတယ်၊ အထူးသဖြင့် အသက် ၃၀-၄၀ အောက်ဆိုရင်။ နောက်ပိုင်းပိုက်ဆံပြန်ထုတ်ရင် အခွန်မပေးရတာက အများကြီး အကျိုးရှိပါတယ်။
တချို့ လူတွေက နှစ်မျိုးလုံး ဖွင့်ပြီး diversify လုပ်ကြပါတယ်။ ၂၀၂၅ မှာ IRA အကောင့်က တနှစ်ကို စုနိုင်တဲ့ Contribution limit က (အသက် ၅၀ အောက်ဆိုရင်) $၇,၀၀၀ နဲ့ ၂၀၂၆မှာတော့ ၇၅၀၀ လို့သိထားပါတယ်။ limit က တဦးချင်းပေါ်မှာသတ်မှတ်ချက်ဖြစ်လို့ အကောင့်တခုထက်ပိုဖွင့်လည်း တိုးမလာပါဘူး။

ဒီလောက်ဆိုရင်တော့ အကောင့်အမျိုးအစားတွေရဲ့ သဘောသဘာဝနဲ့ ကွာခြားပုံကို တီးမိခေါက်မိမယ်လို့ မျှော်လင့်ပါတယ်။

LUNA ပြိုလဲမှုအကြောင်း
11/29/2025

LUNA ပြိုလဲမှုအကြောင်း

🔥နေ့ချင်းညချင်း ဒေါ်လာ (60) ဘီလီယံ အငွေ့ပျံသွားတဲ့ Luna ပြိုလဲမှု

👉 Overview
- Luna ဘာကြောင့် ပြိုလဲခဲ့လဲ
- ရင်းနှီးမြှုပ်နှံသူတွေ ဘာဖြစ်ခဲ့လဲ
- FTX အပေါ်သက်ရောက်ပြီး ဒေဝါလီခံရ
- BTC အပေါ်သက်ပြီးဈေးကျ
- ဘယ်လိုတွေဖြေရှင်းခဲ့လဲ
- ဘယ်လို ဥပဒေတွေနဲ့ အရေးယူခဲ့လဲ
- 2025 မှာ Do Kwon ဘာဆက်ဖြစ်နေလဲ

၂၀၂၂ ခုနှစ်၊ မေလမှာ ဖြစ်ခဲ့တဲ့ Terra (Luna) နဲ့ UST ပြိုလဲမှုက Cryptocurrency သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးနဲ့ အဆိုးရွားဆုံး ဖြစ်ရပ်တွေထဲက တစ်ခုလို့ ဆိုလို့ရပါတယ်။ ရက်ပိုင်းအတွင်း ဒေါ်လာ ဘီလီယံ ၆၀ ခန့် တန်ဖိုးရှိတဲ့ ဂေဟစနစ် (Ecosystem) တစ်ခုလုံး လေထဲပျောက်ကွယ်သွားခဲ့ရာ ရင်းနှီးမြှုပ်နှံသူ ထောင်ပေါင်းများစွာရဲ့ ဘဝတွေ၊ စုဆောင်းငွေတွေ နစ်မွန်း ပျက်စီးခဲ့ရပြီး တချို့ဆို မိမိကိုယ်ကိုယ် အဆုံးစီရင်တာတွေအထိပါ ဆိုးရွားခဲ့ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုတာကို တစ်ဆင့်ချင်းစီ အသေးစိတ် ပြောပြထားတာမို့ ကော်ဖီခွက်လေးယူပြီး ဖြစ်ကြောင်းလေးကို ဖတ်ကြည့်ရအောင်ပါ။

၁) ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင် နှစ်ကောင် UST နှင့် LUNA

Terra Luna ရဲ့ ကြီးကျယ်ခန်းနားတဲ့ အိပ်မက်ကို နားလည်ဖို့အတွက် အဓိက ဇာတ်ဆောင်နှစ်ခုကို အရင်ဆုံး သိထားဖို့ လိုပါမယ်-

- TerraUSD (UST): ဒါက Algorithmic Stablecoin အမျိုးအစားပါ။ သူ့ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာနဲ့ ၁:၁ အချိုးကျ (အမြဲတမ်း $1) ဖြစ်နေရပါမယ်။ ဒါပေမယ့် USDT သို့မဟုတ် USDC လိုမျိုး Stablecoin တွေနဲ့ မတူတာက UST မှာ တကယ့်ပိုင်ဆိုင်မှု (Fiat money) နဲ့ အာမခံထားတာမျိုး မရှိပါဘူး။ အယ်လ်ဂိုရစ်သမ် (Algorithm) နဲ့ Luna Coin တို့ရဲ့ ဆက်စပ်မှုကို အခြေခံပြီး Stablecoin တန်ဖိုးကို ထိန်းချုပ်ထားတာပါ။

- Luna (LUNA): ဒါကတော့ Terra Blockchain Network ရဲ့ မူရင်း Native Crypto Coin ဖြစ်ပြီး UST ရဲ့ တန်ဖိုး $1 မှာ ထာဝရဈေးတည်ငြိမ်နေစေဖို့ ကူညီပေးတဲ့ Balancer Currency (ချိန်ခွင်ထိန်းငွေကြေး) ဖြစ်ပါတယ်။ LUNA ရဲ့ တန်ဖိုးဟာ ပုံမှန် Crypto တွေလိုပဲ ဈေးကွက်မှာ အတက်အကျရှိပါတယ်။

၂) စနစ်လည်ပတ်ပုံနှင့် ယုံကြည်မှုအပေါ် တည်ဆောက်ခြင်း

UST ကို $1 တန်ဖိုးမှာ တည်ငြိမ်အောင် "Burn and Mint Mechanism" (ဖျက်ဆီးခြင်းနှင့် ထုတ်လုပ်ခြင်း ယန္တရား) လို့ခေါ်တဲ့ နည်းလမ်းနဲ့ ထိန်းချုပ်ထားပါတယ်-

- UST တန်ဖိုး $1 ထက်များနေရင်: လူတွေက $1 တန်ဖိုးရှိတဲ့ LUNA ကို စနစ်ထဲမှာ မီးရှို့ (Burn) ပြီး UST အသစ်တွေကို ထုတ်လုပ် (Mint) ကြပါတယ်။ UST အလုံးရေ များလာတာနဲ့အမျှ ဈေးနှုန်းက ပြန်ကျလာမှာပါ။
- UST တန်ဖိုး $1 အောက်ရောက်နေရင်: လူတွေက UST အသစ်တွေကို မီးရှို့ပြီး LUNA အသစ်တွေကို ထုတ်လုပ်ကြပါတယ်။ UST ရှားပါးသွားတာနဲ့အမျှ ဈေးနှုန်းက ပြန်တက်ပါမယ်။

ဒီစနစ်ဟာ LUNA အပေါ် ယုံကြည်မှုရှိနေသရွေ့တော့ အလုပ်ဖြစ်ပါတယ်။ ဒီနည်းစနစ်တစ်ခုလုံးဟာ ယုံကြည်မှု (Trust) ဆိုတဲ့ မြင်မရတဲ့အရာတစ်ခုပေါ်မှာ လုံးလုံးလျားလျား တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၃) Anchor Protocol- မနိုင်ဝန်ကို ထမ်းရသော ရေရှည် မခံနိုင်သည့် အတိုးနှုန်း

Terra Luna စနစ် ကြီးထွားလာရတဲ့ အဓိက အကြောင်းရင်းက "အန်ကာ ပရိုတိုကော" (Anchor Protocol) ကြောင့်ပါ။ Anchor ဟာ ဘဏ်တစ်ခုလို UST အပ်နှံသူတွေကို တစ်နှစ်ကို ပုံမှန် ၂၀% (20% APY) အတိုးနှုန်း ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

- မက်လုံးနဲ့ဆွဲဆောင်မှု

၂၀% ဆိုတဲ့ အတိုးနှုန်းဟာ ရိုးရာဘဏ္ဍာရေးလောက (Traditional Finance) မှာ လုံးဝမဖြစ်နိုင်တဲ့ ကြီးမားတဲ့ အမြတ်နှုန်းမို့ ကမ္ဘာတစ်ဝှမ်းက ရင်းနှီးမြှုပ်နှံသူ ဒေါ်လာဘီလီယံနဲ့ချီပြီး ဝင်ရောက်လာကြပါတယ်။ လူတွေဟာ LUNA ဝယ်၊ UST ပြောင်းပြီး Anchor ထဲ ထည့်သွင်း အပ်နှံကြပါတယ်။

- ရေရှည်မတည်မြဲနိုင်ခြင်း

Anchor Protocol ကနေ ငွေချေးသူတွေဆီက ကောက်ခံရရှိတဲ့ အတိုးနှုန်းဟာ ၁၂% လောက်သာ ရှိပါတယ်။ ဒါပေမယ့် UST အပ်နှံသူများကို ပြန်ပေးရမယ့် အတိုးနှုန်းက ၂၀% ဖြစ်နေတဲ့အခါ ဝင်ငွေ (၁၂%) နဲ့ ထွက်ငွေ (၂၀%) အကြားမှာ ကြီးမားတဲ့ ကွာဟချက် အမြဲတမ်းရှိနေပါတယ်။ လိုအပ်နေတဲ့ငွေတွေကို Terra ရဲ့ အရံရန်ပုံငွေထဲကနေ အမြဲတမ်း စိုက်ထည့်ပေးနေခဲ့ရတာမျိုး ဖြစ်ပြီး "ကိုယ့်အိတ်ထဲကစိုက်ပြီး အရှုံးခံရောင်းနေတဲ့ ဆိုင်" လိုမျိုး ရေရှည် မတည်မြဲနိုင်ပါဘူး။

- ပြဿနာကို ဖုံးကွယ်ခြင်း

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အရံငွေ ဒေါ်လာ သန်း ၄၀ ထပ်ဖြည့်ပေးခဲ့ရပေမယ့် ဒါဟာ သွေးထွက်နေတဲ့ ဒဏ်ရာကို ခဏတာ ဖုံးကွယ်ထားရုံသာဖြစ်ပြီး အရင်းခံပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါဘူး။

၄) ပြိုလဲခြင်း စတင်ခြင်း (De-pegging နှင့် Death Spiral)

၂၀၂၂ ခုနှစ်၊ မေလ ၇ ရက်နေ့ဟာ Terra Luna စနစ်ကို စတင်ရိုက်ချိုးခဲ့တဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။

- အကြီးစား ထုတ်ယူခြင်းနှင့် ရောင်းချခြင်း: အဆိုပါနေ့မှာ Terraform Labs (TFL) ကိုယ်တိုင်က Curve လို Decentralized Exchange တစ်ခုပေါ်က Liquidity Pool ထဲကနေ UST ဒေါ်လာ သန်း ၃၀၀ ကို စနစ်တကျ ထုတ်ယူခဲ့ပါတယ်။ ထုတ်ယူပြီး တစ်မိနစ်အကြာမှာ အမည်မသိ ရင်းနှီးမြှုပ်နှံသူကြီးတစ်ဦး (Whale) က UST သန်း ၁၅ ကို ရောင်းချခဲ့ပြီး၊ နောက်တစ်နာရီအတွင်းမှာ နောက်ထပ်တစ်ဦးက ထပ်ရောင်းချခဲ့ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား၊ တိုက်ခိုက်မှုလားဆိုတာ ဒီနေ့အချိန်အထိ အငြင်းပွားနေဆဲပါပဲ။

- De-pegging: ဒီလို UST အရောင်းအဝယ်ကြီးတွေကြောင့် UST ရဲ့ တန်ဖိုးဟာ $1 အောက်ကို စတင်ကျဆင်းသွားခဲ့ပါတယ် (De-pegging)။ ဥပမာ- $0.98 လောက်ကို ရောက်သွားခဲ့ပါတယ်။

- ထိတ်လန့်မှုနှင့် ယုံကြည်မှုပျက်စီးခြင်း

UST တန်ဖိုးကျတာကို မြင်တော့ လူတွေရဲ့ ယုံကြည်မှု (Trust) ရုတ်ခြည်းပျက်စီး သွားပြီး၊ တခြားရင်းနှီးမြှုပ်နှံသူတွေပါ ကြောက်လန့်ပြီး အလုအယက် ရောင်းချမှုတွေ ပြုလုပ်ပါတော့တယ်။

- သေမင်းတမန် ဝဲဂယက် (The Death Spiral)

ဒီနေရာမှာ "Burn and Mint" နည်းစနစ်က စနစ်တစ်ခုလုံးကို ပြန်လည် ထိန်းချုပ်မယ့်အစား၊ "သေမင်းတမန် ဝဲဂယက်" (Death Spiral) အတွင်းသို့ ဆွဲသွင်းသွားပါတော့တယ်။

- UST တန်ဖိုး $1 အောက်ရောက်နေတဲ့အတွက် စနစ်က UST ကို မီးရှို့ပြီး LUNA အသစ်တွေကို အဆက်မပြတ် ဖန်တီးပေး (Mint) ရပါတယ်။

- ဒါပေမယ့် ယုံကြည်မှုပျက်ပြားနေတဲ့အတွက် လူတွေက စနစ်ကနေ ရရှိလာတဲ့ LUNA တွေကိုပါ ချက်ချင်း ရောင်းချပစ်ကြပါတယ်။

- LUNA ကို ရောင်းလေ ဈေးကျလေ၊ LUNA ဈေးကျလေ UST ကို $1 နဲ့ ညီမျှအောင် ပြန်ထိန်းဖို့အတွက် LUNA ပမာဏ ပိုပြီး ထုတ်လုပ်ရလေပဲ ဖြစ်ပါတယ်။

- ဒါကြောင့် LUNA အလုံးရေဟာ သန်းဂဏန်းကနေ ထရီလီယံချီပြီး (Hyperinflation) ဖြစ်သွားကာ သူ့ရဲ့တန်ဖိုးဟာ တစ်ပြားတစ်ချပ်မှ မဟုတ်တော့တဲ့ (Zero) အခြေအနေကို ရက်ပိုင်းအတွင်း ရောက်ရှိသွားပါတယ်။

- နောက်ဆုံး ကြိုးပမ်းမှု

UST ကို ကယ်တင်ဖို့အတွက် Terra ရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဒေါ်လာ ၃ ဘီလီယံ ခန့် တန်ဖိုးရှိတဲ့ အရန် Bitcoin တွေကို ဈေးကွက်ထဲ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဒီကြိုးပမ်းမှုက မီးလောင်နေတဲ့အိမ်ကို ရေပုံးလေးနဲ့သွားလောင်းတာနဲ့ တူပြီး UST ကို မကယ်တင်နိုင်တဲ့ပြင်ကိုမှ Bitcoin ဈေးကွက်တစ်ခုလုံးကိုပါ ဂျောထိုးမှောက်ခုံ တိုင်တွေပတ်ပြီး ဈေးတွေဆွဲချသွားခဲ့ပါတယ်။

၅)နောက်ဆက်တွဲ သက်ရောက်မှုများ (Contagion)

Terra Luna ပြိုလဲမှုရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအထိ ကျယ်ပြန့်ခဲ့ပါတယ်-

- လူမှုရေး သက်ရောက်မှု

ရင်းနှီးမြှုပ်နှံသူ အများအပြားဟာ ၎င်းတို့ရဲ့ ဘဝတစ်သက်တာ စုဆောင်းငွေတွေ၊ ပင်စင်ရန်ပုံငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။ အချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သည်အထိ ဖြစ်ပေါ်ခဲ့တာကြောင့် Reddit မှာအကူအညီပေးရေး ဖုန်းနံပါတ်တွေတောင် မျှဝေခဲ့ရတာတွေ ရှိခဲ့ပါတယ်။

- ကူးစက်မှု (Domino Effect)

Terra စနစ်ဟာ အခြား Blockchain တွေနဲ့ Bridges တွေကနေ ချိတ်ဆက်ထားတာမို့ Terra ပြိုလဲသွားတဲ့အခါ သူနဲ့ ဆက်စပ်မှုများတဲ့ အခြား Decentralized Finance (DeFi) ပရောဂျက်တွေကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။

- FTX သို့ ကူးစက်ခြင်း

Terra ပြိုလဲမှုရဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ FTX (Crypto Exchange) နဲ့ သူ့ရဲ့ ညီအစ်မကုမ္ပဏီတို့မှာ ငွေကြေးပြတ်လပ်မှု (Credit Crunch) ဖြစ်ပေါ်စေခဲ့ပါတယ်။ FTX က Terra စနစ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ထားတာကြောင့် မြင့်မားတဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒီကနေစပြီး FTX ကလည်း ငွေသားမလုံလောက်တော့တဲ့အတွက် သုံးစွဲသူတွေရဲ့ အရန်ပိုက်ဆံတွေကို တိတ်တိတ်လေး အလွဲသုံးစားလုပ်တဲ့အထိ ရောက်သွားရာကနေ နောက်ပိုင်းမှာ FTX ကိုယ်တိုင်လည်း မြောင်းထဲရောက် ပြိုလဲခဲ့ရပါတယ်။

၆) ဥပဒေနှင့် စည်းမျဉ်းများ၏ တုံ့ပြန်မှု

ဒေါ်လာဘီလီယံပေါင်းများစွာ ပျောက်ဆုံးပြီးနောက် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရထိန်းချုပ်ရေးအဖွဲ့အစည်းတွေ (Regulators) ဟာ အရေးတယူ လုပ်ဆောင်လာကြပါတယ်-

- MiCA ပေါ်ပေါက်လာခြင်း

ဥရောပသမဂ္ဂရဲ့ MiCA (Markets in Crypto-Assets) စည်းမျဉ်းအသစ်တွေ ပေါ်ပေါက်လာဖို့ Terra ပြိုလဲမှုက အဓိက တွန်းအားဖြစ်စေခဲ့ပါတယ်။ MiCA ဟာ Stablecoin ထုတ်ဝေသူတွေအတွက် တင်းကျပ်တဲ့ စည်းကမ်းတွေ သတ်မှတ်လိုက်ပြီး၊ ထုတ်ဝေတဲ့ Stablecoin တိုင်းအတွက် ၁:၁ အချိုးနဲ့ ညီမျှတဲ့ အာမခံငွေကို ဘဏ်မှာ အမှန်တကယ် ထားရှိရမယ် လို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါ့အပြင် အရံစာရင်းကို ပွင့်လင်းမြင်သာစွာ အများပြည်သူကို ချပြရမယ်လို့ ဆိုပါတယ်။ MiCA အောက်မှာဆိုရင် Terra လို စနစ်မျိုးကို လုံးဝခွင့်ပြုချက် ရတော့မှာမဟုတ်ပါဘူး။

- တောင်ကိုရီးယား တုံ့ပြန်မှု

တောင်ကိုရီးယားနိုင်ငံမှာလည်း ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ်ဖို့အတွက် Digital Asset Protection ဥပဒေ ကို အတည်ပြုခဲ့ပါတယ်။

- ဥပဒေဆိုင်ရာ စိန်ခေါ်မှုများ

နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေကြောင့် Crypto ငွေကြေးတွေကို ဥပဒေအရ အရေးယူဖို့ကတော့ လွယ်ကူပါဘူး။ ဥပဒေစနစ်အများစုမှာ Crypto တွေကို ရွှေ၊ ငွေ၊ သို့မဟုတ် အိမ်ခြံမြေလို "ပစ္စည်း" အဖြစ် တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့အတွက် Terraform Labs ကို "လိမ်လည်မှု" နဲ့ စွဲဆိုဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။

၇။ တည်ထောင်သူ Do Kwon ၏ အခြေအနေ

Terra Luna စနစ်ကို တည်ထောင်သူ ဒိုကွမ် (Do Kwon) က ပြိုလဲမှုအပြီးမှာ တာဝန်ယူမှုမရှိဘဲ နိုင်ငံတချို့ကို ထွက်ပြေးသွားခဲ့ပါတယ်။

- သူဟာ မွန်တီနီဂရိုးနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အတုနဲ့ ဖမ်းမိခဲ့ပြီး အကျဉ်းချခံထားရပါတယ်။

- အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံလုံးက သူ့ကို ပြင်းထန်တဲ့ ပြစ်မှုဆိုင်ရာ စွဲချက်တွေနဲ့ ရင်ဆိုင်စေလိုနေပြီး သူ့ကို ဘယ်နိုင်ငံကို လွဲပြောင်းပေးမလဲဆိုတာကတော့ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးအတွက် ရှုပ်ထွေးတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

- ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ Do Kwon က အမေရိကန်ရဲ့ လိမ်လည်မှုစွဲချက်တွေကို အပြစ်ဝန်ခံခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို UST ရဲ့ တည်ငြိမ်မှုနဲ့ပတ်သက်ပြီး လိမ်ညာခဲ့ကြောင်းကို ဝန်ခံခဲ့တာပါ။

- လက်ရှိ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ သူ့အပေါ် စီရင်ချက်ချဖို့ စီစဉ်ထားပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပေးမယ့် ပြစ်ဒဏ်တွေကတော့ ကွဲပြားနိုင်ပါသေးတယ်။

ခြုံငုံသုံးသပ်ချက်

Terra Luna ပြိုလဲမှုဟာ အခြေခံမခိုင်မာတဲ့ ဒီဇိုင်း (Unsustainable Design)၊ ရေရှည်မရပ်တည်နိုင်တဲ့ ၂၀% အတိုးနှုန်းလို မက်လုံးများ၊ ယုံကြည်မှုအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုနေရတဲ့ စနစ်၊ နဲ့ ဈေးကွက်ရဲ့ ထိတ်လန့်မှု (Panic Selling) တို့ ပေါင်းစပ်သွားလို့ ဖြစ်လာရတာပါ။ ဒီဖြစ်ရပ်က Crypto လောကတစ်ခုလုံးကို ကြီးမားတဲ့ သင်ခန်းစာတွေ ပေးခဲ့ပါတယ်။

- နည်းပညာအသစ်တိုင်းမှာ အလားအလာတွေ ရှိသလို၊ ရေရှည်တည်တံ့မှု မရှိတဲ့ မော်ဒယ်တွေမှာ ကြီးမားတဲ့ အန္တရာယ်တွေ ရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။

- "Self-regulating" (ကိုယ်တိုင် စည်းမျဉ်းသတ်မှတ်သည်) ဆိုတဲ့ Crypto လောကရဲ့ တောင်းဆိုမှုတွေကို ပြန်လည်မေးခွန်းထုတ်စေခဲ့ပြီး စည်းမျဉ်းစည်းကမ်းတွေရဲ့ အရေးပါပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။

- ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဘယ်အရာကို ရင်းနှီးမြှုပ်နှံသည်ဖြစ်စေ၊ စနစ်ရဲ့ အခြေခံအုတ်မြစ်နဲ့ ရေရှည်တည်တံ့နိုင်မှုကို သေသေချာချာ လေ့လာသုံးသပ်ဖို့ အရေးကြီးတယ်ဆိုတာကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ဆိုတော့ Terra Luna ပြိုလဲမှုက ဘာကြောင့်ဖြစ်ခဲ့တာလဲ ဆိုတာကို အခုဆိုရင် အသေးစိတ် သိပြီလို့ မျှော်လင့်ပါတယ်။ ခရစ်ပတိုလောက က စိတ်လှုပ်ရှားစရာ ကောင်းပေမယ့် သတိထားပြီး ရင်းနှီးမြှုပ်နှံဖို့၊ ဘယ်သူ့ကိုမှ မယုံမိမို့၊ အတိုးများတိုင်း ရင်းနှီးမြှုပ်နှံတာတွေ မလုပ်ဖို့၊ သေချလေ့လာဖို့၊ မြင်တိုင်း ကြားတိုင်းမယုံဖို့ ပိုလို့အရေးကြီးကြောင်း အားလုံးကို ချပြလိုက်တာပါ။

11/18/2025
09/07/2025

ဘန်ကောက်မှာ ရှားရှားပါးပါး Pet Friendly Condo ဖြစ်တဲ့အပြင် ထူးထူးခြားခြား Furniture အပြည့်အစုံနဲ့ Ready To Move In Luxury Condo ကိုမှ အတိုးမဲ့ အရစ်ကျ 18လ Plan နဲ့ ဝယ်ယူလို့ရမယ့် ARLO Sukhumvit 105 Lasalle Condominium

Condo အမျိုးအစား ကတော့ Low rise 8ထပ် condoဖြစ်ပြီး Building 4ခုပါဝင်ကာ အခန်းပေါင်း 580ဖြင့်ဖွဲ့စည်းထားတဲ့ Luxury Condo Vibe အပြည့်ရမယ့် Condo ဖြစ်ပါတယ်။

Condo Locationကတော့ ဘန်ကောက်ရဲ့ အဓိက အချက်အချာကျတဲ့ Bang Na Area မှာတည်ရှိပြီး Shopping ကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့် Area တစ်ခုဖြစ်ပါတယ်။

စျေးနှုန်းတွေကတော့
-1bedroom 25sqm (2.14MB around $69000)
-1bedroom 30sqm (2.35MB around $75000)
-1bedroom plus 34sqm (2.8MB around $90000)
-2bedroom 44sqm (3.8MB around $120000)

Condo မှာပါဝင်တဲ့ Facilities တွေကတော့

- Rooftop Garden
- Fitness 🏋️
- Swimming Pool
- Co-Working spaces
- Urban Luxe Lobby
- 24 hrs Security
- Star View Rooftop Pavillon
- သွားလာရေးလွယ်ကူဖို့ BTS Bangna အထိ Free Shuttle Bus 🚌

ဘန်ကောက်မှာ ရင်းနှီးမြုပ်နှံလိုသူများ၊ ဘန်ကောက်မှာ ပြောင်းရွှေ့အခြေချဖို့ အိမ်ခြံမြေဝယ်ယူလိုသူများ ကျတော့် Page Message Box ကို ဆက်သွယ်၊မေးမြန်း၊စုံစမ်းနိုင်ပါတယ် ခင်ဗျ။

Address

South San Francisco, CA
94080

Opening Hours

Monday 9am - 8pm
Tuesday 9am - 8pm
Wednesday 9am - 8pm
Thursday 9am - 8pm
Friday 9am - 8pm
Saturday 9am - 8pm
Sunday 9am - 9pm

Alerts

Be the first to know and let us send you an email when Lewis Aung Taxes & Financial posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lewis Aung Taxes & Financial:

Share